32 C
Yangon

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါအဝင် ခေတ်မီလက်နက်ခဲယမ်းများ ပိုင်ဆိုင်ထား၍ စိတ်အားငယ်စရာမလိုဘဲ ပေါ်လစီ စစ်ကားများကို အမြဲပြသကာ စစ်မှုထမ်းတပ်သားများကို ဝါဒမှိုင်းသွင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာ နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော်လည်း လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါအဝင် ခေတ်မီလက်နက်ခဲယမ်းများ ပိုင်ဆိုင်ထား၍ စိတ်အားငယ်စရာမလိုဘဲ ပေါ်လစီ စစ်ကားများကို အမြဲပြသပြီး စစ်မှုထမ်းတပ်သားများကို ဝါဒမှိုင်းသွင်းလျက်ရှိကြောင် လွတ်မြောက်လာသော CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ သထုံမြို့နယ်၊ အမှတ် ၄၀၂ တပ်ရင်းမှ လွတ်မြောက်လာသော CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၅ တက်ခဲ့ရကြောင်း၊ ယင်းသင်တန်းကို ၃ လကြာ တက်ရောက်ခဲ့ရပြီး သင်တန်းအတွင်း စစ်တပ်က ဝါဒဖြန့်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ တက်တဲ့အချိန်က စစ်သင်တန်းကျောင်းမှာ တစ်ပတ်ကို တစ်ကြိမ် စစ်ကားတွေ ပြသတယ်။ စစ်ကားတွေဆိုတာက တပ်မတော်နေ့ရောက်တိုင်း မြ၀တီနဲ့ မြန်မာ့အသံမှာ ပြတဲ့ စစ်ကားတွေကို စစ်သင်တန်းကျောင်းမှာ ပြန်ပြတာ။ အဲဒီအချိန်တုန်းက ရခိုင်မှာ စစ်တပ်က နယ်မြေတွေ လက်လွှတ်ပြီး စစ်ရှုံးနေတာ။ အဲဒါကို သင်တန်းပို့ချတဲ့ ဆရာကြီး(တပ်ကြပ်ကြီး)တွေက စစ်ရှုံးပေမယ့်လည်း ဘာမှ ကြောက်စရာမလိုဘူး။ ငါတို့မှာ လေယာဉ်တွေ၊ ဒုံးကျည်တွေ နဲ့ ရေငုပ်သင်္ဘောတွေ ရှိတယ်။ ခေတ်မီ လက်နက်ခဲယမ်းတွေရှိတယ်။ အချိန်မရွေး နယ်မြေတွေ ပြန်သိမ်းနိုင်တယ်ဆိုပြီး နေ့တိုင်း ကျနော်တို့ကို ဝါဒဖြန့် သင်ကြားတယ်” ဟု CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရှင်းပြသည်။

ထို့ပြင် လက်ရှိ နိုင်ငံတော်တွင် တပ်မတော်ကသာ တစ်ခုတည်းသော ကမ္ဘာ့အသိအမှတ်ပြု တပ်မတော်ဖြစ်ပြီး ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များမှာ ပြည်သူ့သစ္စာဖောက်များဖြစ်ကြောင်း၊ မည်သို့သော အခြေအနေတွင် ရှိနေစေကာမူ နောက်ဆုံးတွင် တပ်မတော်ကသာ အနိုင်ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းသင်တန်းသားများအနေဖြင့် စစ်ပွဲကို အနိုင်တိုက်ရမည်ဖြစ်ပြီး စစ်အနိုင်ရရှိသူများကို တပ်မတော်က ကောင်းမွန်စွာ ချီးမြှင့်မြှောက်စားထားသည်ဟု ဝါဒဖြန့် ပြောဆိုကြောင်း ၎င်းက ဆက်ရှင်းပြသည်။

“PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြည်သူ့သစ္စာဖောက်တွေ။ တပ်မတော်ကပဲ နိုင်ငံတကာနဲ့ ကမ္ဘာက အသိအမှတ်ပြုတာ။ နောက်ပြီး စစ်သားဖြစ်တိုင်း သေမယ်ဆိုတာလည်းမဟုတ်ဘူး။ သေမယ်ဆိုရင် သူတို့ သေနေတာ ကြာပြီပေါ့။ တပ်မတော်မှာ တိုက်ရေးခိုက်ရေး ပြည့်တဲ့ သူတွေ အများကြီးရှိတယ်။ နောက်ပြီး မင်းတို့ရှေ့က နောင်တော် စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေ တိုက်ရည်ခိုက်ရည်ကောင်းလို့ တပ်မတော်က ချီးမြှင့် မြှောက်စားထားတယ်ဆိုပြီး ဓာတ်ပုံတွေလည်း ပြတယ်” ဟု မောင်အောင်ဆက်ပိုင်က ရှင်းပြသည်။

စစ်မှုထမ်းသင်တန်းကျောင်းသို့ ရောက်ရှိလာသော လူငယ်များမှာ ပေါ်တာဆွဲခံရခြင်း၊ အတင်းအကျပ် စစ်ထဲသို့ ဆွဲသွင်းခံရသူ ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းခန့်မှာ စစ်မတိုက်လိုဘဲ ထွက်ပြေးရန် အမြဲတစေ စဉ်းစားကြံစည်းနေကြကြောင်း၊ ကျန်ရှိသော ၂၅ ရာခိုင်နှုန်းမှာ အကြောက်တရားဖြင့် အုပ်ချုပ် ဖိနှိပ်ထား၍ အားမတန် မာန်လျှော့နေကြရကြောင်း ၎င်းက ဆိုသည်။

“သင်တန်းကျောင်းရောက်လာတဲ့ လူငယ်တွေအားလုံးက စစ်မတိုက်ချင်ဘူး။ ဒါပေမယ့် တပ်ထဲမှာ အကြောက်တရားနဲ့ အုပ်ချုပ်ထားတယ်။ အချင်းချင်း သွေးခွဲတယ်။ တစ်ဦးနဲ့ တစ်ဦး မယုံမကြည်ဖြစ်အောင်လုပ်ထားတယ်။ ၇၀ ရာခိုင်နှုန်းကျော် လောက်က ထွက်ပြေးဖို့ပဲ စဉ်းစားနေကြတာ။ ကျန်တဲ့သူတွေကတော့ ကြောက်ပြီး ဘာမှ မလုပ်ရဲကြတော့ဘူး” ဟု မောင်အောင်ဆက်ပိုင်က ဆိုသည်။

CDM စစ်မှုထမ်း တပ်သား မောင်အောင်ဆက်ပိုင်သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း တာဝန်ကျရာ သထုံမြို့ အမှတ် ၄၀၂ အမြောက်တပ်ရင်းမှ သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထွက်ပြေးလာပြီး ၎င်းနှင့်အတူ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် ၊ ၄၀ မမ အသီး ၂ လုံး၊ ကျည် ၁၀၁ တောင့်တို့ကို ယူဆောင်လာခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article