ရန်ကုန်၊ မတ် ၃၁
အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိကြောင်း ထုတ်ပြန် ပြောဆိုထားသော်လည်း အဆိုပါပမာဏမှာ မြေပြင်တွင်ဖြစ်ပေါ်နေသော အရေအတွက်က ပိုမိုများပြားနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ငလျင်ကြောင့် သေဆုံးသူ ၁၇၀၀ ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၄၀၀ ကျော်ရှိကြောင်း၊ ပျောက်ဆုံးနေသူ ၃၀၀ ကျော်ရှိကြောင်း ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
မန္တလေးတွင် ကယ်ဆယ်ရေးဆောင်ရွက်နေသော အဖွဲ့တချို့ကမူ မန္တလေးတွင် အလောင်းများကို နေ့စဉ် ၂၀၀ နှင့် ၃၀၀ အကြား သယ်ထုတ်နေရပြီး သေဆုံးသူအရေအတွက်မှာ စာရင်းအတိအကျ ရရန် ခက်ခဲကြောင်း ပြောဆိုသည်။
“အလောင်းတွေက အနံ့တွေ ထွက်နေပြီ။ ရတာနဲ့ သုဿာန်တွေပို့ တစ်ခါတည်း သဂြိုလ်လုပ်နေရတာ။ ဘယ်လိုမှ စာရင်းလည်း မမှတ်နိုင်ဘူး။ သေဆုံးသူက နေ့စဉ်ကို သုဿာန်မှာ ရာဂဏန်းအထက်ပဲ။ စာရင်းအတိအကျက ရဖို့ ခက်ပါတယ်။ ကျနော်တို့ အဖွဲ့ စာရင်း၊ အခြားအဖွဲ့စာရင်း အဲဒီလိုမျိုးအကုန်ပေါင်းမှ စာရင်းအမှန်ထွက်မယ်။ မန္တလေးအနေနဲ့ ဆိုရင် ဒီ ၃ ရက်အတွင်းကို သဂြိုလ်တာ ရာကြီးဂဏန်းရှိတယ်” ဟု မန္တလေးတွင် ကယ်ဆယ်ရေး လုပ်ဆောင်နေသော အဖွဲ့တစ်ခုက ပြောဆိုသည်။
စစ်ကိုင်းတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတချို့ကလည်း စစ်ကိုင်းမြို့အတိုင်း အတာဖြင့် သေဆုံးသူ ၁၆၀ ကျော်ရှိပြီး အရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း ပြောဆိုကြသည်။
ဓာတ်ပုံ – မန္တလေးတွင် ငလျင်ကြောင့် သေဆုံးသွားကြရသည့် ပြည်သူများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
