ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးမိတ်မြို့နှင့် နမ္မတူမြို့နယ်တို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့်ကားများ ပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ သိရှိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြိုတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေ ယာဉ်ဖြင့် ဗုံးများလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်လေယာဉ်က ကျဲချသော ဗုံးက မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ နှစ်အရွယ် ဒေါ်အုံရွှေမှာ ထိမှန်ဒဏ်ရာရရှိပြီးနေအိမ် ၂ လုံးနှင့် ကား ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“မနေ့ ညနေ ၆ နာရီ ၂၀ လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲချရာမှာ တောင်ပိုင်းရပ်ကွက် အမှတ် ၂ အခြေခံပညာမူလတန်းကျောင်းနားမှာ ကျရောက် ပေါက်ကွဲပါတယ်။ အဲဒီအနားမှာပဲ လမ်းမအလယ်မှာလည်း ဗုံး ၂ လုံးထပ်ပေါက်ကွဲပါတယ်။ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးနဲ့ ကားတွေ ပျက်စီးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း မိုးမိတ်မြိုနယ်၊ အောင်မြေရွာအနီးတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးနှင့် ရော့ကဒ် လက်နက်ကြီး ၆ လုံးဖြင့် ကျဲချတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ယနေ့ နံနက်ပိုင်း ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြိုနယ် ဟိုမိန်းကျေးရွာနှင့် နမ္မတူမြို့ တို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











