31 C
Yangon

ရွာငံတွင် စစ်တပ်က အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီး လူနေအိမ်များ၊ စပါးကျီများ၊ စစ်ဘေးရှောင်စခန်းများနှင့် တောင်ယာတဲများကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း စစ်တပ်က အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီး လူနေအိမ်များ၊ စပါးကျီများ၊ စစ်ဘေးရှောင်စခန်းများနှင့် တောင်ယာတဲများကို မီးရှို့ ဖျက်ဆီးသွားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ၁ လကျော်ကြာ လုပ်ဆောင်ခဲ့သည့် မီးရှို့ဖျက်ဆီးမှုများကြောင့် လူနေအိမ်ခြေ ၆၀ လုံး၊ စပါးကျီ ၉၀ ခု ၊ စစ်ဘေးရှောင် (IDP) စခန်းတစ်ခုနှင့် တောင်ယာတဲ အများအပြား ပျက်စီးခဲ့ကြောင်း၊ အသက် ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး မတရားဖမ်းဆီးခံခဲ့ရကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများနှင့် ပြည်သူများကို မတရားဖမ်းဆီးမှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး စပါးကျီများ မီးရှို့ခံရမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၁၅၀၀ ရှိခဲ့ကြောင်း သိရှိရသည်။

“အဓိကကတော့ စစ်ကောင်စီရဲ့ ဒီလိုမျိုး မတရားလုပ်ဆောင်မှုတွေဟာ နောင်တစ်ချိန်မှာပဲ ဖြစ်ဖြစ် အခုလက်ရှိပဲ ဖြစ်ဖြစ် သေ ချာပေါက် အရေးယူရမယ့် ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ကျမတို့ အနေနဲ့ ယူဆတယ်။ တတ်နိုင်တဲ့ လူတွေ အထူးသဖြင့်တော့ ဒီ စစ်ကောင်စီကို အားပေးအားမြှောက်ပြုနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီဟာတွေကို မြင်နိုင်ဖို့လည်း မျှော်လင့်တယ်လို့ မှတ်ချက်ပေးချင်ပါတယ်”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွာငံတွင် ကလောအခြေစိုက် ခြေမြန်တပ်မ ၅၅ နှင့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်သား ၅၀၀ ခန့်က ဇူလိုင်လ နောက် ဆုံးအပတ်မှစတင်၍ ရွာငံမြို့နယ်အနောက်ပိုင်း၊ ရွာငံ-မိတ္ထီလာ နယ်စပ်ရှိ ကျေးရွာများ သို့ စစ် ကြောင်းထိုးလာပြီး PDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေချိန် အတွင်း ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်ဖြင့် ကျောက်တောကျေးရွာကို ဗုံး ၂ လုံး၊ ညောင်ပင်သာကျေးရွာကို ဗုံး ၁ လုံး ကျဲချခဲ့ရာ ပြည်သူ့နေအိမ်အချို့ ပျက်စီးခဲ့သည့်အပြင် ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာတွင် တပ်စွဲထားသောအကြမ်းဖက်စစ်သားများက ကျောက်တောနှင့် ညောင်ပင်သာကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောတောင်များအတွင်းသို့ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြောက် များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း လေယာဉ်ဖြင့် ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများပေါ်သို့ ဗုံး ၃ လုံး ကျဲချခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်တော်ကျေးရွာကိုလည်း ဩဂုတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်သား အင်အား ၈၀ ခန့်ဝင်ရောက်ကာ ရွာကိုသိမ်းပိုက်၍ နေအိမ်များမှ ပစ္စည်းများကို လုယက်ခြင်း၊ ကျွဲ၊ နွား အပါအဝင် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်အချိန် ကျောက်တော်ကျေးရွာကို မီးတင်ရှို့ပြီး နောက်နေ့နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် နေအိမ် ၃၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ပထမအပတ်တွင်လည်း ခြေမြန်တပ်မ ၅၅ မှ စစ်သားများနှင့် လက်အောက်ခံ ပြည်သူ့ စစ်များ အပါအဝင် အင်အား ၁၀၀ ခန့်က မင်းပလောင်ကျေးရွာမှ ပြည်သူများ ခိုလှုံနေသည့် တောထဲ သို့ ချီတက်လာပြီး နေအိမ်များကို မီးရှိုု့ခဲ့ကြောင်း၊ တောထဲတွင် တဲထိုးနေထိုင်နေ ရသော ရွာသားများမှာလည်း နောက်တစ်ကြိမ် ထပ်မံထွက်ပြေးခဲ့ရသည့်အပြင် အဆိုပါ စစ်ကြောင်းက နေရပ် စွန့်ခွာနေရသော မင်းပလောင်ရွာသားများ၏ ယာယီတဲများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ခြေမြန်တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ်သား ၁၂၀ ခန့်က ကျောက်တောကျေးရွာသို့ ထပ်မံဝင်ရောက်လာပြီး ရွာပြင်ရှိ တောင်ယာတဲများကို မီးရှို့ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ဆက်လက်မီးရှို့ခဲ့သဖြင့် ကျောက်တောကျေးရွာမှ နောက်ထပ် နေ အိမ် ၂၃ လုံးနှင့် စပါးကျီ ၉၀ ကို ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းက ကျောက်တောကျေးရွာအနီးရှိ တောင်ကုန်းများနှင့် တောများ အတွင်းသို့ ချီတက်ကာ ပြည်သူများ ပုန်းခိုနေသည့်နေရာတစ်ခုမှ လူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ သာစည်မြို့နယ်၊ ဖိုးသနိုင်ကျေးရွာမှ အသက် ၅၄ နှစ် အရွယ် ဦးမောင်မြင့် ၊ အသက် ၃၅ နှစ် အရွယ် ဒေါ်တင်မိုးလှိုင် ၊ အသက် ၈ နှစ်အရွယ် မပွင့်ပွင့် နှင့် ကျောက်တော ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးသန်းလှိုင် ၊ အသက် ၅၁ နှစ်အရွယ် ဒေါ်ခင်ညိုမြင့် ဖြစ် မိတ္ထီလာသို့ ခေါ်ဆောင်သွားခံရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးရှောင်နေရသည့် ညောင်ပင်သာနှင့် ကျောက်တောကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောထဲရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မြေပြိုမှုကြောင့် ကလေး ၃ ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင်မူ တောထဲရှိ နေရပ် စွန့် ခွာနေရသော ကျောက်တောရွာသားများ၏ ယာယီတဲ ၅ လုံးကို အကြမ်းဖက်စစ်တပ်က ထပ်မံဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန် အကြမ်းဖက်စစ်တပ်က ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများတွင် တပ်စွဲထားဆဲဖြစ်ပြီး နေရပ်စွန့်ခွာနေရသော ပြည်သူ ၅၀၀ နီးပါးမှာလည်း တောများထဲတွင် ဆက်လက်နေထိုင်နေကြရဆဲဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အမိုးအကာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article