ရန်ကုန်၊ အောက်တိုဘာ ၂၀
တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ကျေးရွာ ပျူစောထီး ခေါင်းဆောင် အေးစိုးတို့ကို လုံခြုံသည့်တစ်နေရာတွင် စစ်ဆေးမေးမြန်းညှိနှိုင်းပြီး ပြန်လွှတ်ရန် အတွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၏ ကားကိုပါ ယူဆောင်လာပြီး ဖမ်းဆီးလာကြောင်း၊ ထို့နောက် လုံးဖောကျေးရွာအလွန် တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် သက်ဦးကို ထပ်မံတွေ့ရှိသောကြောင့် ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လမ်းခုလပ် တစ်နေရာအရောက်၌ နေ့လည်စာ စားနေချိန်တွင် ပျူစောထီး သက်ဦးသည် ၎င်းတွင် အသင့်ပါလာသော မက်(ဂ်)နန်း ပစ္စတိုဖြင့် ပစ်ခတ်ခုခံပြီး ၃ ဦးလုံး ထွက်ပြေးခဲ့သောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပျူစောထီး သက်ဦး ပစ်ခတ်သောကျည်ဆန်သည် တော်လှန်ရေး ရဲဘော် ၁ ဦး၏ ညာဘက်ပေါင်ကို ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ၃ ဦးထံမှ စကားပြောစက် ၄ လုံး၊ ဖုန်း ၄ လုံး၊ ကိုးလုံးကျည် ခေါက်ချိုးအရှည် ၁ လက်၊ ၎င်းကျည် ၃ တောင့်၊ မက်(ဂ်)နန်းပစ္စတို ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပြည်သူ့စစ် စိစစ်ရေးကဒ်ပြားများနှင့် Hilux Vigo ကားတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အမှန်တရားကို မြင်တဲ့လူ ပြည်သူနဲ့ အတူ တစ်သားတည်းရှိတဲ့ လူတွေဟာ ဒီအချိန်မှာ အများကြီး ပြောစရာမလိုတော့ပါဘူး။ အခုချိန်ထိ ပြည်သူကို မျက်နှာမမူတဲ့ လူတွေအတွက်ကလည်း သူတို့သွားရမယ့်လမ်းက ရှိနေပြီးသားပါလို့ပဲ ပြောချင်ပါတယ်” ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောဆိုသည်။
ထို့ပြင် နောက်နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်များ ထပ်မံမဖြစ်စေရန် ကော့သောင်းမြို့နယ် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် ပျူအဖွဲ့များသည် တော်လှန်ရေးအင်အားစုများမှ ခေါ်ယူပြောဆိုရာတွင် ကောင်းမွန်စွာ ပြန်လည်ဆက်ဆံကြပြီး ပြည်သူနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်သွားကြရန် တိုက်တွန်းအပ်ကြောင်း၊ ပြည်သူ့ဘက်မရပ်တည်သော မည်သည့်အဖွဲ့ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ စစ်ကော်မရှင်နှင့် အပေါင်းအပါမှန်သမျှကို ကော့သောင်းခရိုင် တော်လှန်ရေးအင်အားစုများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ထပ်မံ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








