မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ကောင်းဆက်သာ ဆီဆိုင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မတ္တရာမြို့နယ်နှင့် စဥ်ကူးမြို့နယ် အစပ်ရှိ ကောင်းဆက်သာ ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ၊ ထို့ပြင် အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ လေကြောင်းတိုက်မှုအတွင်းမှာ ပြည်သူ ၂ ဦး သေဆုံးတယ်လို့သိရတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ ဗုံးစတွေထိမှန်ပြီး အဆောက်အဦးတွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၂မိနစ်ခန့်တွင် ပခုက္ကူ တပ်မ (၁၀၁) မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အစပ်ရှိ ထန်းတပင်ရွာ အနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်က တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၅၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပုံတောင်ကြော ဆေးကြီးတောင် ကျောက်ထစ် နားတစ်၀ိုက်တွေကို ကျဲချသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ်ပျက်စီးတာမျိုးလည်းမရှိပါဘူး ” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






