30 C
Yangon

ရှမ်းပြည်အရှေ့ပိုင်း နမ့်ခုတ်မြစ်တစ်လျောက် တရုတ် အစိုးရ ကျောထောက်နောက်ခံပေးထားသော တရုတ်ကုမ္ပဏီများက မြေရှားနှင့်ရွှေတူးဖော်မှု အပါအဝင် သတ္တုတူးဖော်မှုများ ပိုမိုတိုးချဲ့လာနေ၊ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု အကြီးအကျယ်ဖြစ်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ် မြစ်တလျှောက်တွင် မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာသည်ကို ဂြိုဟ်တုဓာတ်ပုံများအရ တွေ့မြင်နေရပြီး အဆိုပါ သတ္တုတွင်းများသည် တရုတ်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော China Investment Mining ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ နမ့်ခုတ်မြစ်တစ်လျှောက်တွင် မြေရှားနှင့် ရွှေတူးဖော်မှုများ တိုးချဲ့လာနေသည်ကို တွေ့မြင်ရပြီး အထင်ရှားဆုံး ပြောင်းလဲမှုသည် ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာ ရှိ မြစ်အထက်ပိုင်းမှ ရွှေသတ္တုတူးဖော်ရေး ဧရိယာတွင်တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာ၌ သစ်တောဖုံးလွှမ်းသော တောင်စောင်းများကို ကုတ်ခြစ်တူး ဖော်၍ လမ်းသစ်များနှင့် သတ္တုတွင်းများကို ကွန်ရက်သဖွယ် တိုးချဲ့တူးဖော်ထားကြောင်း၊ မြေကြီးထဲမှ ထွက်လာသည့် သတ္တုဓာတ်များ ပါဝင်သော သတ္တုတွင်းများမှ စီးဆင်းလာသည့် ရေများသည် နမ့်ခုတ်မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေသည်ကို တွေ့မြင်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသင်္ည။

“အဓိကကတော့ သဘာဝ ပတ်ဝန်းကျင် ဘယ်လောက် ထိခိုက်နေသလဲဆို လာအိုမှာဆိုရင် သစ်တောဖုံးလွှမ်းတဲ့ မြေဧရိယာတော်တော်များများ ပျက်စီးသွားတာရှိတယ်။ သတ္တုတွင်းတွေကြောင့်။ အဲဒီလိုပဲ ကမ္ဘာမှာ အကြီးစား မြေရှားသတ္တုတွင်းဖြစ်တဲ့ မွန်ဂိုလီးယားအတွင်းပိုင်းမှာ ရှိတဲ့ ဒေသမှာဆိုရင် အဲဒီ ဒေသတစ်ခုလုံးမှာ အပင်တွေ အကုန်လုံး လုံးဝ မရှိလောက်အောင် သေသွားတယ်။ ပြည်သူတွေ ကင်ဆာအများကြီး ဖြစ်တယ်။ နောက်ဆုံး ဒေသခံတွေ အသံဝိုင်းထွက်တဲ့အခါမှ ၂၀၁၁ မှာမှ တရုတ်အစိုးရကနေမှ ဒီ မြေရှားသတ္တုတွင်းတွေနဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ ပေါ်လစီတွေ စပြီးမှချတယ်။ အဲဒီပေါ်လစီတွေ ချပြီးမှ တရုတ်ပြည်ထဲမှာ ရှိတဲ့‌ မြေရှား သတ္တုတွင်းအများစုက ကချင်ဘက်ကို ရွှေ့လာတာ။ သူတို့ ဒေသ တိုင်းပြည်မှာတောင် တရုတ်လို ဒေသ တိုင်းပြည်မှာတောင် သူတို့ ဒေသပြည်သူတွေ အရမ်းထိခိုက်လို့ သေဆုံးလို့ ဒီလိုမျိုး သူတို့ပြည်မှာ လုပ်လို့မရလို့ ကျွန်မတို့ ပြည်ကို လာလုပ်တာ။ ဒါက ဘယ်လောက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လဲဆိုတာ ပြောပြချင်တာပါ” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထို့ပြင် နမ့်ခုတ်မြစ်၏ အနောက်ဘက်ကမ်းရှိ သန့်စင်စက်ရုံများတွင် ရွှေ ရိုင်း များကို ဆက်လက် ထုတ်ယူ သန့်စင်နေပြီး အဆိုပါစက်ရုံများမှ ဓာတုအကြွင်းအကျန်များသည်လည်း မြစ် အတွင်းသို့ တိုက်ရိုက် စီးဝင်နေနိုင်ကြောင်း သိရှိရသည်။

နမ့်ခုတ်မြစ်အနီးရှိ မြစ်၏အနောက်ဘက်တစ်ခြမ်းနှင့် အရှေ့ဘက်တစ်ခြမ်းမှ မြေရှားသတ္တုတွင်း နှစ်ခုစ လုံးသည် ယခုအခါ တိုးချဲ့မှုအသစ်များကိုတွေ့နေရပြီး နှစ်ခုစလုံးသည် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်းကို အသုံးပြုနေကြကြောင်း၊ ၂၀၂၅ ခုနှစ် မေလအတွင်းက ရိုက်ကူးခဲ့သည့် ဂြိုဟ်တု ဓာတ်ပုံများအရ နမ့်ခုတ်မြစ် အနောက်ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်းသည် စက်ဝိုင်းပုံ သန့်စင်ကန်များကို တည်ဆောက်ဆဲ ဖြစ်သော်လည်း လက်ရှိတွင်မူ အဆိုပါ ကန်များ တည်ဆောက်ပြီးစီးသွားပြီး အနက်ရောင်အမိုးများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့မြင်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကဆိုသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက လည်ပတ်နေပုံရသည့် အရှေ့ဘက်ခြမ်းရှိ မြေရှားသတ္တုတွင်း သည် လည်းဆက်လက် လည်ပတ်နေဆဲဖြစ်ပြီး ထူးခြားချက်မှာ လုပ်ငန်းခွင်၏ အရှေ့မြောက်ဘက်ကဏ္ဍတွင် အဆောက်အအုံသစ် အများအပြားကို တွေ့မြင်ရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာသည်ကို ပြသနေကြောင်း၊ ထိုသို့ နမ့်ခုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ ရှိနေသည့်ကြားက ဤသတ္တုတွင်းနေရာသုံးခုကို တိုးချဲ့နေခြင်းသည် နယ်စပ်နှစ်ဖက်စလုံးရှိ လူထုအသိုင်းအဝိုင်းများအပေါ် သက်ရောက်မှုရှိနေသဖြင့် အလွန်အမင်း စိုးရိမ်စရာကောင်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတိပေးသည်။

နမ့်ခုတ်မြို့တွင် သတ္တုတွင်းညစ်ညမ်းရေများ စီးဝင်နေခြင်းသည် မြန်မာနိုင်ငံတွင်းသာ မက ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များအတွင်း ကုတ်မြစ် တလျှောက် နေထိုင်ကြသော ထိုင်းနိုင်ငံသား တစ်သန်းကျော်ကိုပါ ထိခိုက်စေနိုင်ပြီး နမ့်ခုတ်မြစ်သည် မဲခေါင်မြစ် ၏ မြစ်လက်တက်တစ်ခုဖြစ်ရာ မဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတစ်လျှောက် နေထိုင်သူ သန်းပေါင်း ဆယ်နှင့်ချီ ထိခိုက်စေနိုင်ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များသည် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ နမ့်ခုတ်မြစ် (Kok River) ရှိ ရေကို နှစ်ပတ်တစ် ကြိမ် စစ်ဆေးလျက်ရှိရာ၊ စိန် (Arsenic) နှင့် ခဲ (Lead) ဓာတ် ပမာဏများ ဘေးကင်းလုံခြုံရေး စံနှုန်းများ ထက် ကျော်လွန်နေသည်ကို တွေ့ရှိထားကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မြန်မာစစ်အစိုးရတို့က ပူးတွဲထိန်းချုပ်ထားခြင်းဖြစ်ပြီး သတ္တုတွင်းများ လည်ပတ်နိုင်ရန်အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံမှ ခွင့်ပြုချက် ရယူရန် လိုအပ်ကြောင်း၊ အတွင်းပိုင်းသတင်းရင်းမြစ်များ၏အဆိုအရ၊ မိုင်းယွန်းရှိ နမ့်ခုတ်မြစ်တလျှောက် မြေရှားသတ္တုတွင်းများနှင့် အဓိက ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးစလုံးကို လုပ် ကိုင်နေသူမှာ China Investment Mining Company ဖြစ်ပြီး အဆိုပါကုမ္ပဏီသည် လာအိုနိုင်ငံ မြောက်ပိုင်းတွင်လည်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

China Investment Mining ကုမ္ပဏီ ၏ ၉၀ ရာခိုင်နှုန်းကို Shanghai Chijin Xiawu Metal Resources Co. Ltd. က ပိုင်ဆိုင်ထားပြီး အဆိုပါ ကုမ္ပဏီသည် လာအိုနိုင်ငံတွင် မြေရှားသတ္တု အရင်းအမြစ်များ တူးဖော်ထုတ်လုပ် ရန်အတွက် တရုတ်အစိုးရ ကျောထောက်နောက်ခံရှိ Xiamen Tungsten Corporation နှင့် တရုတ် နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်း ခဲ့သော ဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် Xiamen Tungsten Corporation (XTC) သည် တရုတ်နိုင်ငံ၏ အဓိက မြေရှားသတ္တု ကော်ပိုရေးရှင်းကြီး တစ်ခုဖြစ်ကြောင်း သိရှိသည်။

အဆိုပါ ကုမ္ပဏီက လုပ်ဆောင်နေပြီးဖြစ်သည့် လာအို မြောက်ပိုင်းရှိ မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုမ္ပဏီသည် နမ့်ခုတ်မြစ်ဝှမ်းဒေသတွင်ပါ သတ္တုတွင်း တူးဖော်မှုများကို လုပ်ဆောင်လာနေသည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ဒေသခံပြည်သူများ ထိခိုက်မှုများနှင့် နမ့်ခုတ်မြစ်မှာ စီးဆင်းသွားသည့် ဓာတုအညစ်အကြေးပါ စွန့်ပစ်ရေများကြောင့် မဲခေါင်မြစ်တစ်လျှောက် မှီတင်းနေထိုင်ကြသူ သန်းနှင့် ချီ ထိခိုက်မှုများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆက်ပြောသည်။

“အဓိကကတော့ ကျွန်မတို့အနေနဲ့ ပြည်သူတွေ လက်ထဲကို ဒေသခံပြည်သူတွေရဲ့ လက်ထဲမှာ ကိုယ့်ရဲ့ ရပ်ရွာ ကိုယ်ရဲ့ ဒေသသယံဇာတကို စီမံပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးစနစ်တစ်ခု မရမချင်းတော့ ဒီမြေရှားသတ္တုတွင်းတွေ အားလုံး သတ္တုတူးဖော်မှုတွေ အားလုံး ရပ်တန့်ဖို့ တောင်းဆိုချင်ပါတယ်။ သက်ဆိုင်ရာ တူးနေတဲ့ အဖွဲ့တွေရော တရုတ်နိုင်ငံရော ပြီးတဲ့အခါ တရုတ်နိုင်ငံရဲ့ သတ္တုတူးဖော်မှုကို ခံစားနေရတဲ့ အိမ်နီးချင်းနိုင်ငံတွေရော အကုန်လုံးကို ဒီဟာ ရပ်တန့်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article