နွေဦး တော်လှန်ရေးကို မျက်ကွယ်ပြုပြီး စစ်တပ်ဘက်လိုက်သည့် အနုပညာရှင်များနှင့် ထိုင်းရောက် မြန်မာဆယ်လီများကို သပိတ်မှောက်ရေး လှုံ့ဆော်မှု မှာ လက်ရှိတွင် အောင်မြင်မှု အကြီးအကျယ်ရရှိနေကြောင်း ထိုင်းရောက် မြန်မာများထံမှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံတွင်းတွင် လတ်တလော ဗြောသံ ဆိုသည့် ရုပ်ရှင်ဇာတ်ကားရုံတင်ပြသရန် လုပ်ဆောင်နေမှုအတွက် ထိုင်းရောက် မြန်မာများကြားတွင် အဆိုပါ ရုပ်ရှင်ဇာတ်ကားနှင့် အတူ ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များ၊ ဇာတ်ကားကို ပရိုမိုးရှင်းပြုလုပ်နေသည့် ထိုင်းဆယ်လီမနှင့် ဆိုင်များကို Boycott လုပ်ဆောင်မှု အောင်မြင်မှု ရရှိနေကြောင်း ထိုင်းရောက် မြန်မာ့အရေးလုပ်ရှားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လတ်တလောတွင် ဗြောသံ ရုပ်ရှင်ဇာတ်ကားကို ပရိုမိုးရှင်းလုပ်ဆောင်ခဲ့သည့် စားသောက်ဆိုင်များ၊ ထိုင်းဆယ်လီများ အွန်လိုင်းတွင် ပြန်လည် တောင်းပန်မှုများ လုပ်ဆောင်ကာ နေရာယူရန် ပြန်လည်ကြိုးပမ်းနေမှုများလည်း ရှိကြောင်း ထိုင်းရောက် မြန်မာများထံမှ သိရှိရသည်။
“ဒီရုပ်ရှင်ကားတွေ ဗြောသံတွေ မတိုင်ခင်ကတည်းကကို အကြမ်းဖက်စစ်အုပ်စုဘက်က အဖြူရောင် အနုပညာရှင်ဆိုတဲ့ စစ်ဘောမတွေက အရင်ကတည်းက ခြေဝင်လိုက် ၊ လက်ဝင်လိုက်နဲ့ ရှိုးပွဲတွေလာလုပ်၊ ကလပ်တွေ လာ၊ ဘားတွေလာနဲ့။ ကိုယ့်နိုင်ငံမှာ အမှောင်ကျပြီးတော့ စစ်ဘေးရှောင်နေရ ရွာတွေ မီးရှို့ခံရ၊ သတ်ဖြတ်ခံရချိန်မှာ တိုင်းပြည်သာယာနေသယောင် အေးချမ်းနေသယောင် ရည်ရွယ်ချက်ရှိရှိ လုံးဝကို ဝါဒဖြန့်အတွက် အရင်ကတည်းဝင်နေတာ။ ဗြောသံရုပ်ရှင်ဇာတ်ကားဆို ထိုင်းနိုင်ငံတွင်း ဝင်လာတာ ၊ မဝင်ခင်ကတည်းက သိတယ်။ နောက်ထပ် ၁၁ လပိုင်းမှာ နေတိုးတို့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရုံတင်ဦးမှာ။ သူတို့က ဝါဒလာဖြန့်ပြီးတော့ စည်းရုံးရေးလာဖြန့်တာ ဖြစ်တယ်။ ဒါကို အခု အားလုံးဝိုင်းဝန်းပြီးတော့ ထိုင်းထဲမှာ အဓိက အင်နဲ့ အားနဲ့ Boycott ဖို့ လုပ်ကြတယ်။ အခု ဗြောသံရုပ်ရှင်ဇာတ်ကားဆို ဇာတ်ကား မကြည့်သလောက်နည်းသွားတယ်။ ဒီကောင်တွေ လုပ်ရပ်တွေ ထင်ရှားပေါ်လွင်သွားတယ်။ နောက်ထပ် နေတိုးတို့ မြင့်မြတ်တို့လည်း ဇာတ်ကားတစ်ကားအတွက် ဒါမျိုးတွေ လုပ်တဲ့အခါမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ Boycott ကို တစ်ကျော့ပြန်ပြီးတော့ ဒီလို ပြင်းပြင်းထန်ထန် လုပ်ရမယ်ဆိုတာ ပိုသိလာတယ်”ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ သားသမီးများ၏ ပညာရေးအတွက် ကူညီပေးနေသူ CDM ပညာရေးဝန်ထမ်းတစ်ဦးကလည်း နီးစပ်ရာ မြန်မာအသိုင်းအ၀ိုင်းတွင် စစ်ဘောမ အနုပညာရှင်များကို အားမပေးရေး လှုပ်ရှားမှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေကြောင်း ပြောဆိုသည်။
“ချင်းမိုင်ဘက်မှာလည်း စစ်ဘောမအနုပညာရှင်တွေ၊ ဆယ်လီတွေနဲ့ စစ်တပ်အသိုင်းအ၀ိုင်းကို သပိတ်မှောက်ဖို့ အတော်ကြီးကို လှုပ်ရှားကြတယ်။ တစ်တော့မှာလည်း အားလုံး စုစည်းလှုပ်ရှားကြတယ်။ နွေဦးတော်လှန်ရေးအစပိုင်းမှာ မြင်ရတဲ့ အားလုံးရဲ့ စိတ်အားထက်သန်မှုကို မြင်ရတယ်” ဟု ချင်းမိုင်ရောက် CDM ပညာရေးအရာရှိက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွင် ပါဝင်ထားသည့် နေဝင်း၏ ဗြောသံ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း ပရိုးမိုးရှင်းပွဲ သွားရောက်ခဲ့သူများ ၊ ပရိုမိုးရှင်းလုပ်ဆောင်ပေးသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဆယ်လီများကို Boycott လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းရောက် မြန်မာဆယ်လီများနှင့် လက်တွဲထားသည့် စားသောက်ဆိုင်များက လက်တွဲဖြုတ်ခြင်း၊ ပရိုမိုးရှင်းကို ကြော်ငြာပေးသည့် စားသောက်ဆိုင်များကို Boycott ခြင်းများ အောင်မြင်နေဆဲ ဖြစ်ကြောင်း ထိုင်းရောက် မြန်မာများထံမှ သိရှိရသည်။
“ထိုင်းထဲမှာ Boycott က အတော်အောင်မြင်တယ်။ Boycott စာရင်းထဲမှာ ပါတဲ့ ထိုင်းက ဆယ်လီတွေရော တောသီးဆယ်လီတွေရော သရုပ်ဆောင်တွေရော အကုန်လုံးကို ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ကြတော့ သူတို့ စီးပွားရေးထိမှာစိုးလို့ သိသိကြီးနဲ့ ပတ်သက်တဲ့ လူတွေ မသိဘဲနဲ့ ပတ်သက်တဲ့ လူတွေ အဲဒီလို ဆိုင်တွေက ပြန်တောင်းပန်တာတွေ ရှိတယ်။ အဲဒါက ထိုင်းထဲမှာ Boycott လုပ်တာ တော်လှန်ရေးအတွက် အရေးပါတယ်။ စစ်အုပ်စုဘက်ကို အရေးပါတဲ့ အနုပညာရှင်တွေ ခြေလှမ်းရပ်သွားအောင် ဒီကောင်တွေ ဆက်မလုပ်ရဲအောင် ကိုရဲမင်းတို့က ဒါကို လုပ်တဲ့အခါ အောင်မြင်မှု ရတာ။ အခုထက်ထိလည်း ဆက်သွားနေတုန်းပဲ”ဟု အေအေစီ ကိုရဲမင်းက ထိုင်းနိုင်ငံတွင်း Boycott အောင်မြင်မှုနှင့် ပတ်သက်၍ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်နေသည့် Boycott ရမည့် သူများနှင့် ဆက်စပ်၍ Fncc Burma Fact Check Community တွင် မျှဝေထားပြီး အသေးစိတ် သိရှိလိုပါက https://www.facebook.com/fnccburma တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








