အကြမ်းဖက် စစ်တပ်နှင့် တအာင်း TNLA အပစ်ရပ်လိုက်မှု အားပြန်စုရန် နားခြင်းဖြစ်ပြီး တော်လှန်ရေးမှာ အမြင့်ပျံတက်ရန်နှင့် လိုချင်တာ လက်ရခူးဆွတ်ရန် ဖြစ်ကြောင်း TNLA မှ ဗိုလ်ချုပ် တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် သဘောထားထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ဗိုလ်ချုပ် တာဘုန်းကျော်က TNLA ၏ အပစ်ရပ်ခြင်းကို လူမှုကွန်ရက်တွင် ထိုသို့ ပို့စ်တင်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
အပစ်ရပ်မှုနှင့်ပတ်သက်၍ ပေါက်ကွဲမှုများ ပြင်းထန်နေသည်ကို နားလည်ကြောင်း၊ ယခုကာလသည် စီးပွားရေးနွံနစ် ဆွေမျိုး အဆီရစ်သည့် ကာလမျိုး မဟုတ်ကြောင်း၊ လေယာဉ်ဗုံးကျဲမှုဒဏ်ကို ခံနေရသည့် ကာလဖြစ်၍ နားချိန်တန်သဖြင့် နားခြင်းဖြစ်ကြောင်း၊ ဖိအားများ၍ နားခြင်းဖြစ်ပြီး အားပြန်စုရန် နားခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲကို အဓိပ္ပာယ်ဖွင့်စရာမလိုကြောင်း၊ တော်လှန်ရေးမှာ အမြင့်ပျံတက်ရန်နှင့် လိုချင်တာ လက်ရခူးဆွတ်ရန် ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။
“အပစ်ရပ်ခြင်း ဆုံးဖြတ်ချက် ပြင်းထန် မြန်ဆန်လို့ ပေါက်ကွဲ ခံစားမှုတွေအတွက် နားလည်ပါတယ် ငါ့မျိုးချစ်ရဲဘော်တွေနဲ့ နွေဦးရဲဘော်တို့ရေ…။ ၁၉၉၀ ကာလ အပစ်ရပ် ကစားကြတာ မိတ်ဖက်တွေ ကိုယ့်နယ်ထဲကနေ သတ်မှတ်ရက် အတွင်း ထွက်ခဲ့ရတဲ့ ကစားကွင်းမျိုး…။ စီးပွါးနွံနစ် ဆွေမျိုး အဆီရစ်တဲ့ ကာလမျိုး ဒီနေ့… ငါတို့ခေတ်မှာ မရှိတော့ဘူးလေ… လေယာဉ်ဗုံးကြဲဒါဏ် ငါတို့တွေ အတူ ခံနေကြရတာပဲ။ ဒရုမ်းမိုးရွာဒဏ် ငါတို့ အတူခံကြရတာပဲ။ ဘာမဆို လုပ်ရဲတယ် ဆိုသူရဲ့ ငံကျိကျိ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကို ငါတို့က ဘာအဓိပ္ပါယ် ဖွင့်စရာလိုမှာလဲ။ ဒီ… ကစားပွဲမှာ နားချိန်တန်လို့ နားတာ၊ဖိအား များလို့ နားတာ၊ အားပြန်စုဖို့ နားတာ … စမတ်ကျတဲ့ ခေတ်ကြီးမှာ ငါတို့ တော်လှန်ကြတာ အားလုံးဟာ အမြင့်ကို ပျံတက်ငါတို့ လိုချင်တာ လက်ရ ခူးဆွတ်ဖို့ပဲလေ……” ဟု ဗိုလ်ချုပ်တာဘုန်းကျော် (ခ) ဘုန်းကျော် (လက်ဖက်မြေ)က ယမန်နေ့ညပိုင်း ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ တရုတ်နိုင်ငံကြားဝင်စေ့စပ်မှုဖြင့် TNLA က သိမ်းပိုက်ထားသော မိုးကုတ်နှင့်မိုးမိတ်မြို့များမှ ဆုတ်ခွာရန် သဘောတူညီလိုက်ပြီး စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိင်းမှုဖြင့် ၉ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂၀၂၅ခုနှစ်၊ အောက် တိုဘာလ ၂၇ ရက်နေ့နှင့် အောက်တိုဘာလ ၂၈ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး အပစ်ရပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီး၏ ကြားဝင်စေ့စပ်ညှိနှိင်းမှုကြောင့် နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိင်းမှုများပြုလုပ်နိုင်ခဲ့ပြီး သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြိုနယ်တို့မှ TNLA တပ်များ ပြန် လည်ဆုတ်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။
TNLA ၏ တအာင်းဒေသကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုဘဲ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၀ နာရီ ၀၀ မိနစ် အချိန်မှစတင်၍ နှစ်ဖက်ရောက်ရှိသည့်နေရာတွင် တပ်များရပ်တန့်ကာ အပြန် အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA က မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူမြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ သီပေါကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့ပြင် TNLA က မိုးကုတ်နှင့် မိုးမိတ်မြို့များကိုပါ ထပ်မံ စွန့်လွှတ်မည်ဖြစ်သော ကြောင့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ္မတူမြို့များသာ TNLA လက်ထဲတွင် ကျန်ရှိတော့မည်ဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




