စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ် ၁၀ ဦးကို အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းသို့ ကားဖြင့် ပို့ဆောင်စဉ် အဆိုပါ လူငယ် ၁၀ ဦးက ပျူစောထီး ယာဉ်မောင်းကို ဝိုင်းဝန်းတိုက်ခိုက်သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်သားများက ခရီးသွား လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များကို ယင်းနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်သားများက အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းသို့ ကားဖြင့် ပို့ဆောင်စဉ် ပျူစောထီး ယာဉ် မောင်းကို ပေါ်တာဆွဲခံလူငယ်များက လမ်းခရီး တနေရာအရောက် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး လည်ပင်းညှစ်လိုက်ကြောင်း၊ ထို့ကြောင့် ပျူစောထီးယာဉ်မောင်းပွဲချင်းပြီး သေဆုံးခဲ့ပြီး လူငယ် ၁၀ ဦးလုံး လွတ်မြောက်လာကြောင်း သိရသည်။
ထို့နောက် လွတ်မြောက်လာသော လူငယ် ၁၀ ဦးက ထွက်ပြေးလာစဉ် ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းမှ ရဲဘော်များနှင့်တွေ့ဆုံခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို လူငယ်များသည် တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ကောလင်းမြို့နယ်၊ ကသာမြို့နယ်နှင့် မြင်းမူမြို့နယ်မှ လူငယ်များ ဖြစ်ပြီး ၎င်းတို့ အားလုံးကို ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်းမှ တာဝန်ရှိသူများက စစ်ဆေးပြီးနောက် မိသားစုထံသို့ ပြန်လည် အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။
” အောက်တိုဘာ ၁၅ ရက်နေ့က စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်မှာ ပေါ်တာဆွဲခံရတဲ့ လူငယ် ၁၀ ဦးက ယာဉ်မောင်းကို သတ်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်။ ကျနော်တို့ဆီကို ၁၀ ဦးလုံး ထွက်ပြေး လွတ်မြောက်လာခဲ့တာပါ။ သူတို့ မိသားစုတွေဆီကို အကုန်လုံး ပြန်လည် အပ်နှံပေးခဲ့ပါပြီ” ဟု ကန့်ဘလူခရိုင် အမှတ် ၃ PDF တပ်ရင်း ထောက်လှမ်းရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာ ပျူစောထီး စစ်ဆေးရေးဂိတ်သည် ပြည်သူ ၈၀ ခန့်ကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၂ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ထားသောကြောင့် ပြည်သူများ ယင်းဂိတ်စခန်းကို ရှောင်ရှားသွားလာကြရန် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း အသိပေးပြောဆိုထားသည်။
ဓာတ်ပုံ – စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခံရသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




