စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးရွာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲပြီး ဆိုင်ကယ် ၁ စီးလျှင် ငွေကျပ် ၅ သောင်း တောင်းခံကာ ငွေကြေးမပေးနိုင်သူများကို ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဝက်မှေးရွာထိပ်ရှိ ဘုန်းကြီးကျောင်းတွင်သာ တပ်စွဲနေထိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ဝက်မှေးရွာအတွင်းရှိ စာသင်ကျောင်းကို ပြောင်းရွေ့ တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်သားများက ကျေးရွာအတွင်းထိပါ ဝင်ရောက်တပ်စွဲလာသောကြောင့် ဝက်မှေးရွာမှ ပြည်သူများသည် ရွာထဲ၌ မနေရဲတော့ဘဲ စစ်ဘေး တိမ်ရှောင်နေရခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်သားများသည် ဝက်မှေးရွာရှိ ကျေးရွာချင်းဆက် လမ်းမကြီးပေါ်တွင်လည်း ဂိတ်စခန်းဖွင့်လှစ်ခဲ့ပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်များကို ဖမ်း၍ တစ်ဦးလျှင် ငွေကျပ် ၅ သောင်းတောင်းခံနေကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူများကို ငွေကျပ် ၅ သောင်း မပေးပါက ပြန်မလွှတ်ဘဲ ဖမ်းထားကြောင်း၊ ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသမီးများပါ ပါဝင်ကြောင်း သိရသည်။
“ခုက ဝက်မှေးရွာထဲမှာ မသွားနိုင်တဲ့ အဆင်မပြေတဲ့ လူနည်းနည်းပဲ ရှိတော့တယ်။ စစ်ရှောင်ကြတာ။ ရှေ့ရက်က အလှူခံတယ်ဆိုပြီး ပိုက်ဆံတောင်းပြီး အခုကျတော့ ဝယ်ခိုင်းစရာရှိတာ ဝယ်ခိုင်းမယ်။ ဝယ်လို့ မရရင် ခင်ဗျားတို့ဆီက ယူမယ်ဆိုပြီး ပြောတယ်တဲ့။ ပြီးတော့ ရွာထဲမှာ ပတ်ပစ်နေတယ်။ ဝက်မှေးတို့လို ရွာတွေက ထွက်တဲ့ လမ်းမကြီးမှာ လမ်းခွဲ ဂိတ်ကလေးတွေ ရှိတယ်။ အဲဒီဂိတ်မှာလည်း အမြဲတမ်း စစ်သားတွေ ရှိပြီး လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို ဖမ်းပြီး တစ်ယောက် ငါးသောင်းတောင်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အခြေချ စစ်စခန်းထိုင်ထားတာ လက်ပံတောင်းတောင် စီမံကိန်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းများ မကြာခဏ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းတွင် ပြည်သူများကို ဖမ်းဆီးစစ်ဆေးငွေညှစ် နှိပ်စက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်ဖွဲ့ဝင်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




