ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park အတွင်းမှ ကျားဖြန့် အဆောက်အအုံများကို မိုင်းဖောက်ခွဲဖြိုပြပြီး ဖျက်ဆီးခံအဆောက်အအုံများအတွက် BGF က တရုတ်သူဌေးများသို့ အစားထိုးပြန်ပေးမည်ဟု ညှိနှိုင်းပြောဆိုထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလနှောင်းပိုင်းမှစတင်၍ BGF နှင့် စစ်တပ်က KK Park အတွင်းမှ ကျားဖြန့် အဆောက်အအုံများကို နေ့စဉ် မိုင်းဖြင့် ဖောက်ခွဲ ပြသနေပြီး အမှန်တကယ်လက်တွေ့တွင် အဆိုပါ အဆောက်အအုံပိုင်ရှင် တရုတ်များကို အခြားကျားဖြန့် စင်တာများတွင် နေရာအစားပြန်လည်ပေးအပ်မည်ဟု ညှိနှိုင်းထားပြီးမှ ဖောက်ခွဲနေခြင်းဖြစ်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
“အခု မိုင်းခွဲဖြိုပြနေတာက အထပ်မြင့် တွေ မပါသေးဘူး။ KK Park စဆောက်တုန်းက အဆောက်အဦ အသေးစား အထပ်နိမ့် တွေကိုသာ ဖြိုပြနေတာ ဖြစ် တယ်။ ပိုင်ရှင် တရုတ်တွေ ကို ပြန်အသစ် ဆောက် ပြီး နေရာပြန်ပေး၊ လုပ်ငန်း ပြန်နေရာချ ထား ပေးမယ်လို့ BGFက ညှိနိုင်းသဘော တူပြီးမှ ဖြိုပြနေတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းအပြင် ထိုင်းနိုင်ငံက အင်တာနက်ဖြတ်တောက်ထားခြင်းနှင့် Starlink အင်တာနက်များ ပိတ်ပင်ခံထားရသော်လည်း စစ်တပ်လက်အောက်ရှိ Mytel အင်တာနက်လိုင်းများ ရရှိနေသည်ဟု သိရှိရကြောင်း၊ ကျားဖြန့်စင်တာများအတွင်းတွင် Mytel ဖုန်း၊ အင်တာနက်နှင့် ဆာဗာများ အသုံးပြုနေသည်ဟု သိရှိရကြောင်း အဆိုပါ ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း ထိုင်းနိုင်ငံက စက်သုံးဆီ ပိတ်ပင်ထားသော်လည်း စစ်တပ်က BGF ထံသို့ စက်သုံးဆီများသယ်ယူခွင့်ပြုလိုက်ကြောင်း၊ သီလဝါ ဆိပ်ကမ်း မှ ဆီကားများမှာ ဘားအံ သံလွှင်မြစ် တစ်ဘက်ကမ်း ဝတ်ကြီး၊ဥဒေါင်း၊သိုက်တော၊မင်းဇီ ရွာ ရှိ BGF များထံမှ တစ်ဆင့် သံလွင်မြစ် ဖောင်ကူး ဇက်ဆိပ်များဖြင့် ထီလုံ၊ နဘူး၊ ၁၀၁၈ BGF ဖောက်သည့် လမ်း ပိုင်းသို့လည်းကောင်း၊ ယင်းမှတစ်ဆင့် မြဝတီ၊ ရွှေကုက္ကို၊ KK Park၊ ကျောက်ခက် ဘက်သို့ သယ်ဆောင်ပြီး မီးစက်များအတွက် စက်သုံးဆီများရရှိနေကြောင်း သိရှိရသည်။
KK Park ကို စစ်တပ်က ဟန်ပြဝင်ရောက်စီးနင်းပြီးနောက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ် သုန်တို့က KK Park မှ ကျားဖြန့် တရုတ်သူဌေးများ၊ အွန်လိုင်း နည်းပညာဆိုင်ရာ ပညာရှင်များ အပါအဝင် အရေးပါသူများကို ခေါ်ထုတ်သွားပြီး တချို့မှာ ရွှေက္ကိုလ်တွင် ရောက်ရှိကာ တချို့မှာမူ BGF က အထူးစီစဉ်ပေးထားသော နေရာများတွင် ယာယီခိုလှုံနေကြကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ မြ၀တီမြို့နယ် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို ထိုင်းအစိုးရက စိစစ်နေပြီး ယခုအခါ ထိုင်းရောက် နိုင်ငံခြားသေား ၁၆၀၀ ကျော်ရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
KK Park မှာ BGF က အဓိက လုံခြုံရေးယူ တာဝန်ယူ တည်ဆောက်ထားသော အွန်လိုင်းကျားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြ၀တီမြို့နယ်၊ မယ်ထော်သလေးကျေး ရွာအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် တည်ရှိ သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








