ရန်ကုန်၊ ဇူလိုင် ၅
ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ မဲရှုံးသွားခဲ့သည့် အုပ်ကြီးဟောင်းကိုယ်တိုင် ၎င်း၏လက်ပါးစေများနှင့်ပေါင်းကာ လူငယ်များကို ဥပဒေမဲ့ လက်ထိပ်ခတ် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကြံခင်းမြို့နယ်၊ ပက်မခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ အပြတ်အသတ် မဲရှုံးခဲ့သည့် အုပ်ကြီးဟောင်း မောင်ဝင်း (ခ) ငဝင်း (ခ) သံပြာငဝင်းက ၎င်း၏လူယုံတော်များနှင့်အတူ ပြည်သူများကို အကြမ်းဖက်ဖမ်းဆီးကာ စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်း ပက်မခမ်းကျေးရွာအုပ်စု မြောက်ကုန်းကျေးရွာမှ ကိုသန်းနိုင်စိုးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ သို့ရာတွင် ကိုသန်းနိုင်စိုးမှာ မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအပိုင်တွင် အိမ်ထောင်စုစာရင်းဝင်ဖြစ်နေသည့်အပြင် အသက် ၃၆ နှစ် ဖြစ်နေသဖြင့် ပြန်လည် လွှတ်ပေးလိုက်ရကြောင်း သိရှိရသည်
ထို့နောက် အုပ်ကြီးဟောင်း သံပြာငဝင်း၏ လက်ရုံးတပည့်များဖြစ်ကြသော အင်းပက်လက်ကျေးရွာမှ ရာအိမ်မှူးဟောင်း ကျော်တင့်ဆွေနှင့် ပက်မခမ်းကျေးရွာမှ ဆယ်အိမ်မှူးဟောင်း သန်းနိုင်ဌေး (ခ) ဖားအိုင်းတို့က အင်းပက်လက်ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် လူငယ် မောင်အောင်အောင်ဦး (အဘ ဦးကျောက်ခဲ၊ အမိ ဒေါ်မဆွေ) အား ဘောလုံးကွင်း မြက်ရှင်းရန်ဟု အကြောင်းပြကာ လိမ်လည် ခေါ်ယူခဲ့ကြောင်း၊ ထို့နောက် သံပြာငဝင်း၏ နေအိမ်တွင် အကြမ်းဖက် လက်ထိပ်ခတ်ကာ ကးဖြင့် အဓမ္မတင်ဆောင်၍ ကြံခင်းမြို့ ဧရာဦးခန်းမရှိ စစ်မှုထမ်းစုဆောင်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ အုပ်ကြီးဟောင်း သံပြာငဝင်းသည် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမတိုင်မီ လများကတည်းက ၄၅ ရက်လျှင် တစ်ယောက်နှုန်းဖြင့် စစ်မှုထမ်းရန် ပြည်သူများကို ဆက်တိုက်ဖမ်း ဆီးပေးခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်များ ရှာဖွေရောင်းစားနေသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း သိရှိရသည်။
သံပြာငဝင်းသည် ၎င်း၏ အုပ်ချုပ်ရေးမှူးသက်တမ်းတစ်လျှောက်တွင် ပြည်သူများ၏ တိုင်တန်းခံရမှု အနည်းဆုံး သုံးကြိမ်ထက်မနည်း ရှိခဲ့သော်လည်း သက်ဆိုင်ရာ စစ်ကောင်စီက တစ်စုံတစ်ရာ အရေးယူခဲ့ခြင်း မရှိပေ။
လက်ရှိအချိန်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိထားသည့် အုပ်ချုပ်ရေးမှူးအသစ်ကို သက်ဆိုင်ရာက တာဝန်လွှဲပြောင်းပေးအပ်ခြင်း မရှိသေးဘဲ မဲရှုံးအုပ်ကြီးဟောင်းကသာ အာဏာပြဗိုလ်ကျကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ မဲရှုံးထားသော် လည်း အုပ်ချုပ်ရေးမှူး ရာထူးလက်မလွှတ်ရရေးအတွက် အထက်လူကြီးများထံသို့ လာဘ်ငွေ သိန်းဆယ်ချီပေးအပ်၍ ရာထူးတည်မြဲရေး ကြိုးစားနေကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ အထူးစိုးရိမ်ပူပန်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ကြံခင်းမြို့နယ်သို့ ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




