26 C
Yangon

တော်လှန်ရေးအောင်ပွဲရရန် အလုပ်ဖြင့် သက်သေပြရန် လိုအပ်ပြီး မဟာမိတ်စုဖွဲ့နိုင်ရေး အရေးကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောဆို

Must read

တော်လှန်ရေးအောင်ပွဲရရန် အလုပ်ဖြင့် သက်သေပြရန် လိုအပ်ပြီး မဟာမိတ်စုဖွဲ့နိုင်ရေး အရေးကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောဆို

ရန်ကုန်၊ ဩဂုတ် ၂၂

တော်လှန်ရေးတွင် အောင်ပွဲများ ရနိုင်ရန်အတွက် လူထုထောက်ခံမှုရရန် လိုပြီး လူထုထောက်ခံမှုရစေရန် အလုပ်ဖြင့် သက်သေပြကြရန်နှင့် မဟာမိတ်စုဖွဲ့နိုင်ရန် အရေးကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းဝေးတွင် ပြောကြားသည်။

ယာယီသမ္မတ ဒူဝါလရှီးလသည် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် အထူးအလေးထားရမည့်ကိစ္စများထဲတွင် ပထမဆုံးအချက်မှာ လူထုထောက်ခံမှုဖြစ်ပြီး လူထုထောက်ခံမှု မရှိသည့် တော်လှန်ရေးသည် အောင်ပွဲ မရနိုင်သည့်အတွက် လူထုထောက်ခံမှုအမြဲရစေရန်အတွက် အလုပ်နှင့် သက်သေပြရန် ပြောကြားသွားပြီး ဒုတိယအရေးကြီးဆုံးမှာ မဟာမိတ်စုဖွဲ့နိုင်မှုဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားပြီး ပို၍ စည်းနှောင်အားကောင်းသည့် မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းရန်အတွက် လုပ်ဆောင်ထားရန် လိုအပ်ကြောင်း၊ ခုခံတော်လှန်စစ်အောင်ပွဲသည် စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ် အများကြီး အရေးကြီးကြောင်း ပြောကြားသွားသည်။

အမျိုးသားညီညွတ်ရေးအစိုးအနေနှင့် အစောပိုင်းကာလကတည်းက အကြမ်းဖက်စစ်တပ်၏ ပြည်သူကို နေ့စဉ်နှိပ်စက်ညဉ်းဆဲနေသည့် လုပ်ရပ်များနှင့် လုပ်ငန်းစဉ်များကို အသေးစိတ် ထောက်လှမ်းနိုင်ရန် ထောက်လှမ်းရေးယန္တယားကို ဖွဲ့စည်းတည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ယင်းထောက်လှမ်းရေးယန္တရား ပို၍ ခိုင်မာကျစ်လစ်အောင် စနစ်တကျတည်ဆောက်ရန် လိုပြီး စစ်ရေးတွင် သတင်းလက်ဦးမှု ရယူရေးသည် အလွန်အရေးကြီးကာ စစ်တပ်၏ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးသည် အထူးအရေးကြီးကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းတွင် ပါရှိသည်။

ထို့ပြင် လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲသည် ဘယ်ဘက်ခြေထောက်နှင့် ညာဘက် ခြေထောက်ကဲ့သို့ မှတ်ယူဖို့ လိုအပ်ကြောင်း၊ လူထုတိုက်ပွဲသည် နိုင်ငံရေးနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျှောက်လှမ်းရသည့် ဘယ်ဘက်ခြေထောက်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကတော့ စစ်ရေးနည်းအားဖြင့် နက်နက်နဲနဲ အသုံးပြုရသည့် ညာဘက်ခြေထောက်ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးတွင် ဘယ်ခြေနှင့် ညာခြေကို အညီအညွတ် လျှောက်လှမ်းရန်ဖြစ်ပြီး လူထုတော်လှန်ရေးလမ်းစဉ်နှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သည် သီးခြားဖြစ်တည်နေ၍ မရဘဲ သိမ်မွေ့စွာ ပေါင်းစပ်ရန် အထူးလိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် လူထုနှင့် တစ်သားတည်း နေထိုင်ရန်နှင့် လူထုကို ဦးဆောင်ရာတွင် ဖြောင့်ဖြောင့်မတ်မတ်ရှိရန် အထူးလိုအပ်ကြောင်းလည်း ယာယသမ္မတ ဒူဝါလရှီးလ၏ မိန့်ခွန်းတွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article