20 C
Yangon

အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် လျှေက်ထား

Must read

အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် လျှေက်ထား

ရန်ကုန်၊ အောက်တိုဘာ ၂၅

အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် လျှေက်ထားလိုက်ကြောင်း Chin Human Rights Organizationက တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ရုပ်အလောင်းများကို ဖျောက်ဖျက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကို ဖျက်ဆီးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်အဖြစ် အသုံးပြုခြင်းများ ကျူးလွန်ခဲ့သည့်အတွက် ဖိလစ်ပိုင် နိုင်ငံ ၊ တရားရေးဌာနတွင် အမှုဖွင့်တရားစွဲရန် လျှောက်ထားလာကြောင်း၊ ချင်းပြည်နယ်မှ စစ်တပ်၏ ကျူးလွန်မှုများကို ခံခဲ့ရသူ ၅ ဦးကို ဖိလစ်ပိုင်နိုင်ငံ၏ ဥပဒေအရ ယင်းသို့ ရာဇဝတ်မှု တိုက်ချက်ဖွင့်လာခြင်းဖြစ်ကြောင်း၊ ဖိလစ်ပိုင်အစိုးရရှေ့နေများအနေဖြင့် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ကျူးလွန်သော စစ်ရာဇ၀တ်မှုများကို စုံစမ်း ဖော်ထုတ်ပေးရန် တိုင်ချက်ဖွင့် တောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်က ထိုးစစ်ဆင်ပြီး အိမ်ခြေ ၂၀၀၀ ကျော် ဖျက်ဆီးခြင်း၊ အနည်းဆုံး လူ ၂၅၀ ကို စစ်တပ်က သတ်ဖြတ်ခဲ့ခြင်း၊ လူဦးရေ ၆၀၀၀၀ ဝန်းကျင်ကို အိန္ဒိယနိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ထန်တလန်မြို့ကို မီးရှို့ဖျက်ဆီးမှု ဒုတိယနှစ်ပတ်လည်နေ့တွင် ယင်းကဲ့သို့ တရားစွဲဆိုရန် လျှောက်ထားသည့် တိုင်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ချင်းပြည်နယ်မှာ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေဟာ မြန်မာပြည်ရဲ့ ချင်းလူမျိုးတွေကို တိုက်ခိုက်နေတဲ့ မေ့ပျောက်ခံ စစ်ပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ကျနော်တို့ဟာ ခရစ်ယာန် ဘာသာဝင်တွေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သင်းအုပ်ဆရာတွေ အသတ်ခံရတယ်။ ကျနော်တို့ရဲ့ ဘုရားကျောင်းတွေ၊ ဘာသာရေးကျောင်းတွေကို စနတစ်တကျ စစ်ဆင်ရေးတွေနဲ့ စစ်တပ်က ဖျက်ဆီးတယ်။ မြန်မာနိုင်ငံက ခရစ်ယာန်တွေကို စစ်တပ်က ဒီလို နှိပ်စက်ညှဉ်းပန်းမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ခရစ်ယာန် ညီအစ်ကို မောင်နှမတွေအနေနဲ့ ကျနော်တို့ရဲ့ အော်ဟစ်သံကို ကြားပြီး တရားမျှတမှု ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ် ” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ လက်ထောက်အမှုဆောင်ဒါရိုက်တာလည်းဖြစ်၊ တိုင်ကြားသူလည်းဖြစ်သူ Salai Lingက ပြောဆိုသည်။

တိုင်ကြားသူများတွင် မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် သတ်ဖြတ်ခဲ့သည့် Pu Ral Tu ၏သမီးလည်း ပါဝင်ကြောင်း သိရှိရသည်။ Pu Hram Cung နှင့် Pu Ral Tu တို့နှစ်ဦးသည် ထန်တလန်မြို့ထဲတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသော အရပ်သားများအတွက်

ဆေးဝါးများသွားယူစဉ် မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။

အမည်မဖော်လိုသည့် အခြားတိုင်ကြားသူတစ်ဦးမှာ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်လိုက်သည့် အသက် ၃၀ အရွယ် သင်းအုပ်ဆရာ Cung Biak Hum ၏ ဦလေးဖြစ်ပြီး မြန်မာစစ်တပ်က သင်းအုပ်ဆရာ Cung Biak Hum ၏ ရုပ်အလောင်းကို ပြန်မပေးဘဲ ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

“ကျနော့်တူလေး သေဆုံးမှုဟာ အချည်းအနှီးဖြစ်မှာကို ကျနော် လက်မခံနိုင်ပါဘူး။ မီးတွေ ရှိုခံနေရချိန် ပြည်သူတွေကို ကယ်တင်ဖို့ ကြိုးပမ်းရင်း သူဟာ သတ်ဖြတ်ခံလိုက်ရပါတယ်။ ကျနော်တောင်းဆိုချင်တာက တရားမျှတမှု ပေးဖို့ ဖိလစ်ပိုင် အာဏာပိုင်တွေကို မေတ္တာရပ်ခံပါတယ်။” ဟု ကွယ်လွန်သူ သင်းအုပ်ဆရာ Cung Biak Hum ၏ ဦလေးဖြစ်သူက ဆိုသည်။

ဖိလစ်ပိုင်ရှေ့နေများဖြစ်သည့် Romel Bagares နှင့် Gilbert Andres တို့၏ အဆိုအရ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် မဆို ကျူးလွန်သော စစ်ရာဇ၀တ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဖြင့် ဖိလစ်ပိုင်တွင် တရားစွဲနိုင်ကြောင်း၊ ယင်းဥပဒေအရ ဖိလစ်ပိုင်အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

“ချင်းပြည်နယ်မှာ ဒီလို ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင် အာဏာပိုင်တွေကို လေးစားစွာ မေတ္တာရပ်ခံပါတယ်။ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က စုဆောင်းထားတဲ့ အထောက်အထားများစွာ အများအပြားရှိနေတဲ့အပြင် ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ကနဦးလုပ်ငန်းအများအပြားကို လုပ်ဆောင်ပြီးဖြစ်ပါတယ်။ အာဆီယံဒေသတွင်းမှာ တရားစီရင်ရေး ယန္တရားတွေကို မြှင့်တင်ဖို့ အာဆီယံကိုကျနော်တို့ တရားဝင် တောင်းဆိုခဲ့ပြီး ဖိလစ်ပိုင်မှာ အခုလို တရားစွဲဆိုဖို့ ကြိုးပမ်းနေတာက အာဆီယံ ဒေသတွင်း မိတ်ဖက်များတွေကို ခိုင်မာတဲ့ အချက်ပြ ခြေလှမ်းပြသတာလည်းဖြစ်ပါတယ်” ဟု ဖိလစ်ပိုင်ရှေ့နေ Bagaresက တိုက်တွန်းပြောဆိုသည်။

ဖိလစ်ပိုင်တွင် မြန်မာစစ်ခေါင်းဆောင်များကို တရားစွဲမည့် အမှုကို ကူညီနေသူ Myanmar Accountability Project, MAP ၏ ဒါရိုက်တာ Chris Gunness က “အရှေ့အာရှရဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို လက်ခံပြီး ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာဥပဒေတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူ ပြုရမယ့် အချိန်ရောက်ပြီ။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆီကနေ တာဝန်ခံမှု၊ တာဝန်ယူမှု ဆီသို့ ကူးပြောင်းဖို့ ပြောဆိုရမယ့် အချိန်လည်းဖြစ်ပါတယ်။ မေလမှာ ဆိုင်ကလုန်း မိုချာကြောင့် ပျက်စီးသွားသော ဒေသတွေကို အကူအညီပေးရေး ကိစ္စတွေ မြန်မာစစ်တပ်က ငြင်းဆိုခဲ့တာဟာ ရာဇ၀တ်မှုဖြစ်တယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေ က အကူအညီတွေထက် သူတို့လိုချင်တာက သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေး အပြည့်နဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article