မင်းအောင်လှိုင်နှင့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာအရာရှိ ၆ ဦးကို နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်နိုင်ရေး အာဂျင်တီးနား တရားရုံးတွင် လျှောက်ထား
ရန်ကုန်၊ ဒီဇင်ဘာ ၇
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန် ရှိသော မင်းအောင်လှိုင်နှင့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာအရာရှိ ၆ ဦးကို နိုင်ငံ တကာဖမ်း၀ရမ်းထုတ်နိုင်ရေး အာဂျင်တီးနား တရားရုံးတွင် လျှောက်ထားလိုက်ကြောင်း ဗြိတိန်နိုင်ငံ ဗမာ ရိုဟင်ဂျာအဖွဲ့ (BROUK) က ပြောဆိုသည်။
‘ဒါက ရိုဟင်ဂျာလူထုအပေါ်မှာ ဆယ်စုနှစ်များစွာ ကြာရှည်အောင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုအတွက် တာဝန်ခံစေရေး ရှေးရှုဆောင်ရွက်ရာမှာ သမိုင်းဝင်တဲ့ အရင်က မလှမ်းထားဖူးသေးတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုအတွက် ကျနော်တို့တွေ ဝင်ခဲ့တဲ့ တိုက်ပွဲရဲ့ အသီးအပွင့် ရလဒ်တွေ စတင်ခံစားလာရပြီဆိုတာ ပြသနေတာပဲဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံ ဗမာ ရိုဟင်ဂျာအဖွဲ့ (BROUK) အဖွဲ့၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုသည်။
၂၀၂၁ ခုနှစ် အာဂျင်တီးနားတရားရုံးတွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးအရေးယူရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော မြန်မာစစ်တပ်က ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး သန်းချီရှိသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှင်ထုတ်ခဲ့သည်။
နိုင်ငံတကာဖမ်း၀ရမ်းထုတ်ရန် အာဂျင်တီးနားတရားရုံးတွင် လျှောက်ထားခံရသူများမှာ
၁- မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး)
၂- စိုးဝင်း (ဒုတိယဗိုလ်ချုပ်မျူးကြီး)
၃-အောင်ကျော်ဇော် (အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့)
၄- မောင်မောင်စိုး- (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
၅-အောင်အောင် – (အမှတ် ၃၃ ခြေမြန်တပ်ရင်း၊ တပ်မမှူး)
၆- ကျော်ချေ – (ရဲအရာရှိ)
၇- အောင်ဆန်းမြ -(ကျေးရွာဥက္ကဋ္ဌ) တို့ ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အကြမ်းဖက်စစ်တပ်အ နေ ဖြင့် ICJ ခေါ် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်လည်း ဂမ်ဘီယာနိုင်ငံက တရားစွဲဆို ထားသော အမှုကို ရင်ဆိုင်နေရသည်။
