28 C
Yangon

အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံရန် အားပေးနေသော ပြည်ပ ကုမ္ပဏီကြီး ၃ ခုကို အရေးယူရန် နိုင်ငံတကာ OECDထံသို့ တိုင်ကြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အကြမ်းဖက် စစ်အုပ်စုနှင့် ပတ်သက် ဆက်နွယ်နေသည့် ကုမ္ပဏီများကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံရာတွင် ကူညီပေးနေသော နိုင်ငံတကာ ကုမ္ပဏီကြီး ၃ ခုကို စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) သို့ တိုင်ကြားထားကြောင်း Blood Money Campaign of Myanmar (BMC) အဖွဲ့က ထုတ်ပြန်ထားသည်။

ပတ်ဝန်းကျင်၊ လူမှုဘဝ နှင့် စီမံအုပ်ချုပ်မှု (ESG) ရင်းနှီးမြှုပ်နှံမှု ညွှန်းကိန်းများ ထုတ်ပြန်ပေးနေသော MSCI ၊ FTSE Russell နှင့် S&P Dow Jones Indices နိုင်ငံတကာ ကုမ္ပဏီကြီးများသည် ESG အမည်ခံ၍ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်အုပ်စုနှင့် တိုက်ရိုက် ဆက်နွယ် ပတ်သက်၍ ထိုရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေသော ဒါဇင်နှင့် ချီသည့် ကုမ္ပဏီများကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပေးရာတွင် ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထိုနိုင်ငံတကာ ကုမ္ပဏီကြီးများဖြစ်သော MSCI ၊ FTSE Russell နှင့် S&P Dow Jones Indices ကုမ္ပဏီတို့ကို စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) က ချမှတ်ထားသော စည်းမျဉ်းများအရ တာဝန်သိ စီးပွားရေး လုပ်ဆောင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို ချိုးဖောက်လျက်ရှိသောကြောင့် Inclusive Development International၊ Alternative ASEAN Network on Burma (ALTSEAN-Burma) နှင့် Blood Money Campaign of Myanmar (BMC) တို့က အမေရိကန်၊ ယူကေနှင့် ဒတ်ခ်ျနိုင်ငံတို့၏ OECD တိုင်ကြားရေးဌာနများသို့ တိုင်ကြားထားကြောင်း၊ တိုင်ကြားစာများတွင် ဖော်ပြပါ ကုမ္ပဏီသုံးခုသည် ၎င်း၏လူ့အခွင့်အရေးဆိုင်ရာ တာဝန်သိစွာ စိစစ်ခြင်းပြုလုပ်ရန် (Due Diligence) ပျက်ကွက်ခဲ့ပုံကို တိုင်ကြားထားကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများနဲ့ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများက လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး အတွက် ၎င်းတို့၏ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်နေကြပါတယ်။ ESG ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ ထိပ်တန်းရှိ ကုမ္ပဏီများက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်တပ်မှ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများကို တစ်နည်းအားဖြင့် ပါဝင်ကူညီနေကြသည်ကို သိရှိရခြင်းမှာ ဝမ်းနည်းစရာပါ” ဟု ALTSEAN-Burma တည်ထောင်သူနှင့် ညှိနှိုင်းရေးမှူး Debbie Stothard က ပြောဆိုသည်။

မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက ပြောကြားထားပြီးဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို စစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန် တောင်းဆိုထားသည့်တိုင် MSCI ၊ FTSE Russell နှင့် S&P Dow Jones Indices တို့က စစ်တပ်နှင့်ဆက်နွယ်သော ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံရန် အကူအညီ

ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မြန်မာ စစ်အုပ်စုကို လက်နက်၊ ရေဒါစနစ်နှင့် ဆက်သွယ်ရေးနည်းပညာများ ပံ့ပိုးပေးသည့် Bharat Electronics၊ နှင့် စစ်လက်နက် ရောင်းချမှုတွင် ပါဝင် ပတ်သက်နေသည်ဟု သတင်းထွက်နေသည့် ဖင်လန်ကုမ္ပဏီ Wärtsila ၊ စစ်တပ်က ထိန်းချုပ်ထားသော မြန်မာရဲတပ်ဖွဲ့ကို ဝန်ဆောင်မှုပေးနေသော နည်းပညာကုမ္ပဏီများ နှင့် ဆန့်ကျင်တော်လှန်သူများကို ထောက်လှမ်း၍ ပြင်းထန်စွာချေမှုန်းရန် စစ်တပ်ကို အကျိုးရှိ စေမည့် အခြားကုမ္ပဏီတို့ ပါဝင်ကြောင်း သိရှိရသည်။

“နိုင်ငံတကာ ကုမ္ပဏီတွေက မြန်မာစစ်တပ်ကို ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ ရန်ပုံငွေ၊ လက်နက်နဲ့

တရား ဝင် မှု ပံ့ပိုးပေး နေတာကို မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က နိုင်ငံ တကာ စီးပွားရေးနဲ့ အထူးသဖြင့် ESG ရင်းနှီးမြုပ်နှံမှု လုပ်ငန်းကို စစ်အုပ်စုနဲ့ အဆက်အသွယ်ဖြတ်ဖို့ တောင်းဆိုနေခြင်းဖြစ်ပါတယ်” Blood Money Campaign of Myanmar (BMC) အဖွဲ့မှ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ

မနိုနိုက ပြောဆိုသည်။

Inclusive Development International အဖွဲ့က လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု၏ ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ MSCI၊ FTSE Russell နှင့် S&P Dow Jones Indices တို့နှင့် စတင်ထိတွေ့ဆက်ဆံခဲ့ကြောင်း၊ ထိုအချိန်တွင် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်ခဲ့သော ဒီမိုကရေစီရေး လှုပ်ရှားသူများကို အကြမ်းဖက် နှိမ်နင်းမှုများကြောင့် လူပေါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ကြောင်း၊ ၂ နှစ်အကြာတွင် သေဆုံးသူဦးရေသည် ၄၀၀၀ ကျော်သွားခဲ့ပြီဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုများအား ကူညီထောက်ပံ့ပေးနေသော ကုမ္ပဏီများ၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အန္တရာယ်များနှင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် MSCI၊ FTSE Russell နှင့် S&P Dow Jones Indices တို့အနေဖြင့် လိုက်နာရမည့်တာဝန်များကို ကျေပွန်အောင် လုပ်ဆောင်ခဲ့မရှိကြောင်း သိရှိရသည်။

၂၀၁၆ ခုနှစ်မှ စတင်၍ စစ်တပ်က မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူမျိုးတုံး ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံပေါင်း ၅၇ နိုင်ငံမှ တာဝန်ရှိသူများက စစ်တပ်၏ လုပ်ရပ်များကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် တံဆိပ်ကပ်ထားကြောင်း၊ ထို့ပြင် စစ်တပ် သတ်ဖြတ်မှုကို “လူမျိုးတုံး သုတ်သင်မှု၏ ကျောင်းသုံးစာအုပ် နမူနာ” အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း က ဖော်ပြခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article