သီပေါမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁၀
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် သီပေါမြို့နယ် ညောင်ပင်ကုန်း (အကျဥ်းထောင်) ၌ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်တပ်၏ စကခ ၁ လက်အောက်ခံ ခမရ (၅၀၃ ၊ ၅၀၄) ၊ ခလရ (၂၃)တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် သီပေါမြို့နယ် စံဖိတ်ရွာနှင့် အေရှားဝေါ တိုးဂိတ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် နောင်ချိုမြို့နယ် ရွှေမုဌောရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ၇ ကြိမ် ဗုံး ၄၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၉ ရက်နေ့ကလည်း သီပေါမြို့ မိုင်တိုင် ၉ တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ Y-12 လေယာဉ်က ဗုံး ၅၀ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။