ရန်ကုန်၊ ဩဂုတ် ၁၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် သင်တန်း ဆင်း တပ်သားသစ်များ၊ လက်နက်ကြီးကျည်နှင့် ဒရုန်းများ ဖြည့်တင်းနေပြီး လုံခြုံရေး အဖြစ်လိုက်ပါလာသော Mi-35 ရဟတ်ယာဉ်ဖြင့် အနီးအနားရှိ ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တိုင်းရင်းဆေးရုံ စစ်စခန်းကို Mi-17 ရဟတ် ယာဉ်ဖြင့် သင်တန်းဆင်း တပ်သားသစ်များ၊ လက်နက်ကြီးကျည်နှင့် ဒရုန်းများ ဖြည့်တင်းခဲ့ကြောင်း၊ ထိုသို့ လူအင်အားနှင့် လက်နက်ခဲယမ်းများဖြည့်တင်းချိန်တွင် လုံခြုံရေးအဖြစ် လိုက်ပါလာသော Mi-35 ရဟတ်ယာဉ်က အနီးအနားရှိ ကျေးရွာများကို လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရှမ်းမြောက်၌ မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲခံရစဉ်တွင် ရေဦး၊ ခင်ဦးနှင့် ဒီပဲယင်း မြို့နယ်တို့တွင် ၆ လတာ လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းနိုင်ခြင်းမရှိကြောင်း၊ မြေပြင်မှ စစ်အင်အား ဖြည့်တင်းရန် လက်ရှိချိန်တွင် မလွယ်ကူသည့်အခြေအနေကြောင့် လေကြောင်းကိုသာ အားပြုနေရပြီး ၂ ရက်တာအတွင်း ၅ ကြိမ် စစ်အင်အား ဖြည့်တင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
” ၂ ရက်အတွင်း စုစုပေါင်း Mi17 နဲ့ ရေဦးကို ၅ ကြိမ် တိုင်တိုင် စစ်အင်အားဖြည့်တင်းပြီး လက်နက်ခဲယမ်းတွေရော Drone တွေပါ ချပေးထားတယ်လို့ သိရတယ်။ ရေဦး ၊ ခင်ဦး နဲ့ ဒီပဲယင်းနယ်တွေမှာ စစ်ကောင်စီက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခံရစဉ် စစ်ကြောင်းမထိုးဘဲ အင်အားမနိုင်လို့ မပို့နိုင်လို့ လွှတ်ထားတာ ၆ လ နီးပါးရှိထားပြီ မြေပြင်ကနေလည်း အရင်ကလို ကားတွေနဲ့ အင်အားမပို့နိုင်သလို လေကြောင်းကနေလည်း Mi17 တစ်စင်းထဲနဲ့ လာမချရဲတော့ဘူး။ ကိုယ့်ဘက်ကအဖွဲ့တွေ ဆင်း သက်နေချိန် ဝင်ပစ်ခတ်မှာတွေလည်းစိုးတဲ့အတွက် Mi35 ပါ လုံခြုံရေးယူပီး ဆင်းရတော့တဲ့အခြေအနေပဲ ရေဦး၊ ခင်ဦးနဲ့ ဒီပဲယင်းဘက်အထိ အခုချပေးထားတဲ့ စစ်ကောင်စီတပ်သား သင်တန်းဆင်းတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ စစ်ကောင်စီက ထပ်မံစီစဥ်နေတယ်လို့ ခန့်မှန်းရပါတယ်” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ အင်အားဖြည့် တင်းထားသော စစ်ကောင်စီ တပ်သားသစ်များက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်ရကြောင်း၊ ထို့ပြင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တိုင်းရင်းဆေးရုံကလည်း နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူများ စိုးရိမ်နေရကြောင်း သိရသည်။
“Mi-35 နဲ့ပစ်ခတ်သွားတာကလည်း ကိုယ့်ဘက်က အဖွဲ့တွေ ကပ်နိုင်ချေရှိတဲ့ နေရာတွေကို ရမ်းကားပစ်ခတ်သွားတာပါ။ ညတိုင်းလိုလိုလဲ တိုင်းရင်းကနေ လက်နက်ကြီးနဲ့ အရှေ့အနောက်တောင်မြောက် ဆက်တိုက်ရမ်းထုတယ်။ လက်ရှိ ရေဦးအနောက်ဘက်ခြမ်းက ပြည်သူတွေက မနေ့က လေကြောင်းပစ်ခတ်ထားတာရော လက်နက်ကြီးနဲ့ပါ မထင်ရင်မထင်သလိုထုနေတာရော မြေပြင်စစ်ကြောင်းထိုးလာမှာတွေရော စိုးရိမ်ထိတ်လန့်နေကြရတယ်။ ညတွေမှာ Droneတွေနဲ့ပါ ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေပေါ်ကို ထောက်လှမ်းပျံဝဲတာတွေလည်း ခပ်စိပ်စိပ်ပြုလုပ်လာတယ်။ ရေဦးကိုဝင်တိုက်မှာတွေစိုးတာထက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးဖို့ စစ်ကောင်စီက ပြင်ဆင်လာတဲ့အနေအထားပါပဲ” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ဆက်လက် ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်၏ Mi-17 စစ်ရဟတ်ယာဉ်တစ်စင်း။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar