ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ရှိ မြတ်ရတနာ ဆေးရုံ အပါအဝင် နေရာ ၃ ခုကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၄ မိနစ်၊ ညနေ ၄ နာရီ ၈ မိနစ်နှင့် ညနေ ၄ နာရီ ၂၁ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ပေါ်ရှိ ဈေးရပ်ကွက်၊ CB Bank အနီးနှင့် မြတ်ရတနာ ဆေးရုံတို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး မြတ်ရတနာဆေးရုံ အပါအဝင် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“နောင်ချိုမြို့ပေါ်ကို ကျဲချဲတဲ့ အလုံးတွေက ဈေးရပ်ကွက် နဲ့ CB Bank နောက်ကျော လမ်းကြားထဲကို ကျပါတယ်။ CB Bank နောက်ကျောတည့်တည့် လမ်းကြားထောင့်က အိမ်ကနေစပြီး လမ်းထဲက အိမ်အတော်များများ ဆိုးဆိုးဝါးဝါးထိပါတယ်။ အဲ့လမ်းထဲမှာ မြတ်ရတနာဆေးရုံလည်း ရှိတာကြောင့် အဲ့ဆေးရုံလည်း ထိပြီး မီးကူးတယ်လို့ သိရတယ်။ ပြည်သူ ၁ ဦးလည်း သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ယခုနိုဝင်ဘာလဆန်းပိုင်းတွင် စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာပြီး နေ့စဉ်ရက်ဆက် ဗုံးကျဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar