မြန်မာစစ်ကောင်စီကြောင့် အာဆီယံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ပျက်ပြားစေနိုင်ပြီး ယုံကြည်မှုဆုံးရှုံးနိုင်ဟု စင်ကာပူကာကွယ် ရေးဝန်ကြီး သတိပေး
စစ်ကောင်စီအနေဖြင့် လက်တုံ့ပြန်နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချရန် ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၁
မြန်မာစစ်ကောင်စီကြောင့် အာဆီယံ၏ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ပျက်ပြားစေနိုင်ပြီး ယုံကြည်မှု ဆုံးရှုံးနိုင်ကြောင်း စင်ကာပူကာကွယ် ရေးဝန်ကြီး Dr Ng Eng Henက သတိပေးပြောဆိုလိုက်သည်။
လာအိုနိုင်ငံတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ် စင်ကာပူကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မိတ်ဖက်နိုင်ငံအသစ်များနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးစဉ် အာဆီယံ ၉ နိုင်ငံက သဘောတူညီခဲ့သော်လည်း မြန်မာကန့်ကွက်ခဲ့ကြောင်း ၊မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးမှုမှာ သောင်မတင် ရေမကျဖြစ်ခဲ့ရကြောင်း သိရှိရသည်။
စင်ကာပူ ကာကွယ်ရေးဝန်ကြီးက “ မြန်မာရဲ့ အပြုအမူက လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း ကျနော်တို့ ဝီရိယစိုက်ထုတ် တည်ဆောက်ခဲ့တဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို ပျက်ပြားစေမယ့် အန္တရာယ်ရှိပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးတွေအပေါ် ယုံကြည်ကိုးစားမှုတွေ ဆုံးရှုံးပါလိမ့်မယ်”ဟု ပြောဆိုသည်။
ထို့ပြင် မြန်မာ၏ အပြုအမူသည် အာဆီယံခေါင်းဆောင်များ၏ ဆွေးနွေး သဘောတူညီချက် ဆုံး ဖြတ်ထားသော အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးနှင့် မြန်မာကိစ္စကြောင့် အာဆီယံ၏ ဆုံးဖြတ်မှုများ မသက်ရောက်ရေး ဆုံးဖြတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံကို ကိုယ့်ရဲ့ နိုင်ငံရေးလက်တုံ့ပြန်မှု အတွက် အသုံးမချပါနဲ့။ သူရဲ့ ရည်မှန်းချက်အတွက် အာဆီယံကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးတွေကိုလည်း ခက်ခဲတဲ့ အခြေအနေတွေဆီ တွန်းမပို့ပါနဲ့” ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောဆိုသည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး(ADMM)က လာမည့်နှစ်တွင် သောင် မတင်ရေမကျ ဖြစ်နေသည့် ခက်ခဲသောကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ပြီး ADMM ၏ အကျိုးစီးပွားအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် စင်ကာပူဝန်ကြီးက တိုက်တွန်းသည်။
လာအိုနိုင်ငံတွင် ကျင်းပနေသည့် ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာရေးရာဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်း တက်ရောက်နေခြင်းဖြစ်သည်။