ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မကွေးတိုင်း၊ စလင်းမြို့ပေါ်အထိ ပကဖ ရဲဘော်များက ဝင်ရောက် လုံခြုံရေး စစ်ဆေးပြီး ရပ်ကွက်များကို ကင်းလှည့်ခြင်းများ လုပ်ဆောင်ကာ မြို့ပေါ်နေ ပြည်သူများကိုလည်း အားပေး စကားများ ပြောဆိုခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက် အတွင်း စလင်းမြို့ပေါ်ကို စလင်း (ပကဖ) ရဲဘော်များက သွား ရောက်၍ ခရီးသွားပြည်သူများကို လုံခြုံရေးအရ စစ်ဆေးမှုများနှင့် မြို့ပေါ် ရပ်ကွက်များကို ကင်းလှည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဒုက္ခဘေးကြောင့် စိတ်ဓာတ်ကျနေသော မြို့ပေါ်နေ ပြည်သူများကိုလည်း တွေ့ဆုံခဲ့ပြီး စိတ်ဓာတ်ခွန်အားတက်စေရန် အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ မြို့ပေါ်ကို ဝင်ရောက်လာချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာခြင်းမရှိဘဲ သေနတ် ပစ်ခတ် သံပင်မကြားရကြောင်း၊ တော်လှန်ရေး ရဲဘော်များက လုံခြုံရေး စစ်ဆေးမှုများနှင့် ရပ်ကွက်များကို ကင်းလှည့်ခြင်းများ လုပ်ဆောင်ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ကြောင်း သိရသည်။
“ကျနော်တို့မြို့ထဲ ကင်းပတ်ပြီး မြို့လယ် ပန်းခြံထဲထိရောက်ခဲ့တယ်။ စစ်တပ် ဘက်ကနေ အသံတချက်တောင် ပေးတာမျိုးတွေမလုပ်ဘူး။ အဓိကကတော့ ပြည်သူလူထုတွေ ကိုယ့်မြို့နယ်မှာ တော်လှန်ရေး ခရီးတော်တော်ရောက်နေပြီဆိုတာကိုသိပြီး တော်လှန်ရေးမှာ အရင်ကထက်ပိုမို ပါဝင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါမျိူးတွေရက်စိပ်စိပ်နဲ့လုပ်ဆောင်ခဲ့တယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





