မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ် စားသောက်ဆိုင်တွင် သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်သည့် တပ်ကြပ်ကြီး အောင်ဝင်းကို ကို PDF ရဲမေများက လက်နက်များနှင့် အတူ အရှင် ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မလှိုင်မြို့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သောက်စား မူးရူးနေသည်ဟု သတင်းရရှိ၍ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲမေများ ဦးဆောင်သော အဖွဲ့က သွားရောက် စောင့်ဆိုင်းနေစဉ် အရက်မူးပြီး ကွမ်းယာ ဝယ်ထွက်သည့် တပ်ကြပ်ကြီးအောင်ဝင်းကို ကို အရှင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တပ်ကြပ်ကြီးသည် အကြမ်းဖက် စစ်တပ်၏ မိတ္ထိလာအမှတ် ၁ တပ်မတော် အကြီးစားစက်ရုံမှ တပ်ကြပ်ကြီး အောင်ဝင်းကို ဖြစ်ပြီး MA1 အမျိုးအစား လက်နက် ၁ လက် ၊ ၅.၅၆ကျည် ၂၅၀ တောင့်တို့နှင်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ ဖမ်းဆီးရမိတဲ့ တပ်ကြပ်ကြီး အောင်ဝင်းကို ကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ထိန်းသိမ်းထားပြီး ဆက်လက် စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပါ” ဟု တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
