ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်း မလေးရှားနိုင်ငံ ၊ ဆီလန်ဂေါပြည်နယ်၊ Taman Perindusrian Pulau Indah, Klang တွင် မလေးရှားအာဏာပိုင်များက တရားမဝင်နေထိုင်သူများကို စီမံချက်ခေါ် အော်ပရာစီဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးရာတွင် မြန်မာ ၃၆ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၆၆၂ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ တရားမဝင် နီပေါနိုင်ငံသားတစ်ဦးမှာ လွတ်မြောက်ရန် ထွက်ပြေးရင်း တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းတွင်လည်း တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တွင် အထောက်အထားစာရွက်စာတမ်း မပါသော မြန်မာနိုင်ငံသား ၆ ဦးဖြစ်သည့် အသက် ၁၇ နှစ်အရွယ် မောင်မင်းမွှေး၊ အသက် ၁၉ နှစ်အရွယ် မအေးချို၊ အသက် ၃၂ နှစ်အရွယ် ကိုမောင်ခိုင်၊ အသက် ၃၀ နှစ်အရွယ် ကိုသားလေး၊ အသက် ၃၅ နှစ်အရွယ် မအေးချို နှင့် အသက် ၃၅ နှစ်အရွယ် မတင်မိုး အသက် ၃၅ နှစ်တို့ဖြစ်ပြီး မြန်မာနိုင်ငံသား ၆ ဦးကို တင်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ယခုရက်ပိုင်းနှင့်လပိုင်းအတွင်း မြန်မာနိုင်ငံ၊ ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသားများ ဆက်တိုက်ဖမ်းဆီးခံနေရသဖြင့် ထိုင်းသတင်းဌာနများတွင် မြန်မာများ ဖမ်းဆီးခံရသော သတင်းများ ဆက်တိုက် ဖော်ပြခံနေရသည်။
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်တပ်က အတင်းအကျပ် စစ်မှုထမ်းခိုင်းနေပြီး ပထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ရင်း ဖမ်းဆီးခံနေရသော မြန်မာနိုင်ငံသားများတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များ အများဆုံးပါဝင်နေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




