ရန်ကုန်၊ ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိပြီးနောက် မီးခိုးဗုံးအမြောက် ၄ လုံး မြန်မာဘက်သို့ ထိုင်းစစ်တပ်က ပြန်လည် ပစ်ခတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် မင်းလက်ပံကျေးရွာအနီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီးနောက် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်က ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ထိုင်းနိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နေအိမ်နှင့် မော်တော်ကား အများအပြားလည်း ပျက်စီးသွားကြောင်း၊ ထို့နောက် ထိုင်းစစ်တပ်က မြန်မာဘက်အခြမ်းသို့ မီးခိုးဗုံး အမြောက် ၄ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ထိုင်းဘက်အခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို သတိပြုနေထိုင်ကြရန် သတိပေးမှုများရှိပြီး တချို့သော ထိုင်းပြည်သူများမှာ ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေကြကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံများကို KNU က နိုဝင်ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါနေရာများရှိ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းများကို စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေချိန် စစ်တပ်က ယင်းနေရာများကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်များ အရှိန်အဟုန်မြှင့်နေခြင်းဖြစ်ကြောင်း နယ်စပ်စစ်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








