28 C
Yangon

ပါကစ္စတန်က အာဖဂန်နစ္စတန်ကို Open War-စစ်ကြေညာလိုက်ပြီး အာဖဂန်မြို့တော် ကဘူးလ်ကို လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို Open War- စစ်ကြေညာလိုက်ပြီး အာဖဂန်ရဲ့ မြို့တော်ကဘူးလ်ကို လေကြောင်းတိုက်ခိုက်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ဒီနေ့ သောကြာနေ့အစောပိုင်းမှာ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်နဲ့ တခြားပြည်နယ်နှစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဒါဟာ အာဖဂန်ဘက်က ပါကစ္စတန်နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်ပေါ်လာတာဖြစ်ပြီး ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ပျက်ပြားလုနီးပါး ဖြစ်နေပါပြီ။

မြို့တော်ကဘူးလ်မှာ အနည်းဆုံး ပေါက်ကွဲသံ ၃ ကြိမ် ကြားခဲ့ရသော်လည်း မည်သည့်နေရာကို ထိမှန်သည်နှင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ ချက်ချင်းမသိရသေးပါဘူး။

အာဖဂန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပါကစ္စတန်ဟာ တောင်ပိုင်း ကန်ဒါဟာ (Kandahar) ပြည်နယ်နဲ့ အရှေ့တောင်ပိုင်း ပါ့ကတီးယား (Paktia) ပြည်နယ်တွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် လုံခြုံရေးအရာရှိကြီးနှစ်ဦးကတော့ ၎င်းတို့စစ်တပ်ဟာ ကဘူးလ်၊ ကန်ဒါဟာနဲ့ ပါ့ကတီးယားပြည်နယ်တွေက အာဖဂန်စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မဟာအခြေစိုက်စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နယ်စပ်မှာ လူသေဆုံးမှုတွေ ရှိခဲ့တာကို လက်တုံ့ ပြန်တဲ့အနေနဲ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ပါကစ္စတန်နယ်စပ်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပါကစ္စတန်စစ်စခန်း ၁၂ ခုထက်မက သိမ်းပိုက်နိုင်ခဲ့တယ်လို့ အာဖဂန်ဘက်က ဆိုပါတယ်။

ပါကစ္စတန်အစိုးရကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တိုက်ခိုက်မှုဟာ စစ်သွေးကြွတွေကို နှိမ်နင်းတာဖြစ်ပြီး ကြာသပတေးနေ့က အာဖဂန်ရဲ့ တိုက်ခိုက်မှုဟာ အကြောင်းမဲ့ ကျူးကျော်မှုသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်ဖက်စလုံးအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ပြဿနာတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။

နှစ်ဖက်စလုံးက ထုတ်ပြန်တဲ့ သေဆုံးဒဏ်ရာရစာရင်းတွေဟာ အလွန်ကွာခြားနေပါတယ်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပါကစ္စတန်စစ်သား ၅၅ ဦး သေဆုံးပြီး အချို့ကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ အာဖဂန်ဘက်ကတော့ ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။ ပါကစ္စတန်စစ်စခန်း ၁၉ ခုနဲ့ အခြေစိုက်စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပါကစ္စတန်အစိုးရကတော့ ပါကစ္စတန်စစ်သား ၂ ဦးသာ သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာတော့ အာဖဂန်တိုက်ခိုက်ရေးသမား ၁၃၃ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့သလို အာဖဂန်စခန်း ၂၇ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ တန်ပြန်ထုတ်ပြန်ထားပါတယ်။

တော်ခမ်း (Torkham) နယ်စပ်အနီးက အာဖဂန်ဒုက္ခသည်စခန်းတစ်ခု ဒုံးကျည်ထိမှန်ခဲ့လို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါ အဝင် အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ နှစ်ဖက်စလုံးက နယ်စပ်အနီးရှိ ရွာသူရွာသားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်ကြား တင်းမာမှုဟာ လအတော်ကြာ မြင့်တက်နေတာဖြစ်ပါတယ်။ ပါကစ္စတန်က ၎င်းတို့နိုင်ငံအတွင်း တိုက် ခိုက်မှုတွေလုပ်နေတဲ့ TTP စစ်သွေးကြွတွေကို အာဖဂန်က လက်ခံထားတယ်လို့ စွပ်စွဲထားပေမဲ့ အာဖဂန်တာလီဘန်အစိုးရကတော့ ဒါကို အမြဲတမ်း ငြင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article