35 C
Yangon

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနှင့်ထိုင်းပြည်သူ မထိခိုက်စေရန် ထိုင်းဝန်ကြီးချုပ် အနုတင် သတိပေး၊ မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျူးကျော်မှုမဟုတ်ဟု တုံ့ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၂

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံနှင့်ထိုင်းပြည်သူ မထိခိုက်စေရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရာကူးလ် က(Anutin Charnvirakul) ယနေ့ သတိပေးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ အနုတင် ချာန်ဝီရာကူးလ် (Anutin Charnvirakul) က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ထိုင်းပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ကြောင်း တွင် ထုတ်ဖော်ပြောကြားလိုက်ပြီး၊ တစ်ဖက်နိုင်ငံက တိုက်ပွဲများသည် ထိုင်းဘက်ခြုံထဲသို့ ကျူးကျော်ဝင်ရောက်လာခြင်းမျိုး လုံးဝမရှိစေရန် သတိပေးလိုက်ခြင်းဖြစ်သည်။

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ပြုလုပ်သော ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးတွင် ဝန်ကြီးချုပ် အနုတင်က မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး၊ အဖက်ဖက်က စိုးရိမ်စရာရှိနေကြောင်း ပြောကြားသည်။

ထိုင်းပိုင်နက်ထဲသို့ လက်နက်ကြီးကျည်များ ကျရောက်နေမှုနှင့် ပတ်သက်၍ အစိုးရအနေဖြင့် သံတမန်ရေးရာနည်းလမ်းများ အပါအဝင် ပြည်သူများ ဘေးကင်းစေမည့် နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်ဆောင်ရွက်နေကြောင်း ဆိုသည်။

မြန်မာဘက်ကတော့ ယခုဖြစ်စဉ်များသည် ပြည်တွင်းတိုက်ပွဲများကြောင့်သာဖြစ်ပြီး ထိုင်းနိုင်ငံကို ရည် ရွယ်ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ကြောင်း အကြောင်းပြန်ထားသည်။

သို့သော်လည်း အနုတင်က “ကျနော်တို့ ဒါကို လက်မခံဘူး။ တိုက်ပွဲဖြစ်ရင် သူတို့ဘက်မှာပဲဖြစ်ရမယ်၊ ကျနော်တို့ နိုင်ငံကို မထိခိုက်စေရဘူး” ဟု ပြတ်ပြတ်သားသား ပြောကြားသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက မြန်မာ့လေတပ်သည် Yak-130 နှင့် MiG-29 တိုက်လေယာဉ်များကို အသုံးပြုကာ ထိုင်းနယ်စပ်နှင့် မီတာ ၅၀၀ ခန့်သာဝေးသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ KNU ဆေးရုံနှင့် အရပ်သားနေအိမ်များအနီးသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအတွင်း ဗုံးသီးတစ်လုံးသည် သံလွင်မြစ်ကို ဖြတ်ကျော်ကာ ထိုင်းဘက်အခြမ်းရှိ ဘန်မယ်ဝမ် (Ban Mae Waen) ကျေးရွာအနီးသို့ ကျရောက်ခဲ့သဖြင့် ဒေသခံထိုင်းပြည်သူများ အထိတ် တလန့်ဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow သည် နေပြည်တော်သို့ ရောက်ရှိပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။

ကိုးကား- Khaosod ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article