ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရွှေဘိုမြို့ မအူပင်ရွာအနီးတွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီနှင့် PDF များ တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီက မအူပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအပါအဝင် ပြည်သူများ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောဆိုသည်။
“ကျေးရွာနေသူတွေ ထွက်ပြေးချိန် မီးလောင်တာ ၊ အိမ်ဘယ်နှလုံးဆိုတာ အတည်မပြုနိုင်ဘူး။ ရွာကို လက်နက်ကြီးနဲ့ ထုတာ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် အပေါင်းပါ အင်အား ၇၀ ခန့်သည့် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ဒီပဲယင်းရွာဘက်သို့ ချီတက်စဉ် မအူပင်ရွာအနီး မိုင်းမိပြီး အကြမ်းဖက်စစ်ကောင်စီဝင် လေးဦး သေဆုံးခဲ့ပြီး မအူပင်ရွာအနီးတွင် PDF များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“အပြန်အလှန်ပစ်ခတ်ရင်း စခ လေးဦးသေ၊ PDF ၂ ဦး ဒဏ်ရာ မစိုးရိမ်ရဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။
လတ်တလောတွင် တိုက်ပွဲရပ်သွားပြီ ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီဝင်များ မအူပင်ရွာတွင် ရှိနေသည့်အတွက် ကျေးရွာဒေသခံများ ပုန်းရှောင်နေရဆဲ ဖြစ်သည်။