25 C
Yangon

ရန်ကုန်တွင် ၁၁ ရက်အတွင်း တိုက်ခိုက်မှု ၄၆ ခု လုပ်ဆောင်ခဲ့ပြီး စစ်သား ၄ ဦးပွဲချင်းပြီးသေ ၊ လေတပ်မှ ဒုဗိုလ်မှူးကြီးရန်နိုင်ဝင်းနှင့် ထက်နောင်တင့် တို့၏ နေအိမ်များကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အကြမ်းဖက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူတုံ့ပြန်တိုက်ခိုက်နိုင်ရေး စီမံဆောင်ရွက်နေသည့် ပျံလွှားအောင် စစ်ဆင်ရေးတွင် ဇန်နဝါရီလ ၂၂ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အတွင်း စစ်ရေးလှုပ်ရှားမှု ၄၆ ခု အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက် (သန်လျင်၊ လှိုင်၊ အင်းစိန် )
=========================================
အကြမ်းဖက်စစ်ကောင်စီ တပ်များ တပ်စွဲထားသည့် သန်လျင်ရှိ ကညန ရုံးကို ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် သန်လျင် ဗိုလ်နဂါးအဖွဲ့နှင့် သုံးခွ TYF တပ်ဖွဲ့များ ပူးပေါင်း၍ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းများနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုပြင့် ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရာတွင် ဦးစီးနေသည့် လှိုင်မြို့နယ်တွင် မာလာမြိုင် ၃ လမ်းတွင် နေသည့် ရန်ကုန်အခြေစိုက် အင်းတိုင် တပ်ရင်းမှ ဒုရတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ဇေယျာမြင့်သိန်း နေအိမ်ကို ဇန်နဝါရီလ ၂၂ နေ့လည် ၁ နာရီတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး နေအိမ်နှင့် ကားများ ပျက်စီးကြောင်း၊ နေ့လည် ၂ နာရီတွင်မူ မင်္ဂလာဒုံလေတပ်မှ တပ်ကြီးကြီး အဆင့်ရှိ ကျော်ကျော်ထွန်းကို အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်းပေါ်တွင် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်။

ဇန်နဝါရီလ ၂၃ (ဆိပ်ကြီးခနောင်တို၊ လှိုင်)
==============================

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ လျှပ်စစ်ရုံးကို ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၁၁ နာရီတွင် YUG အဖွဲ့က အဝေးထိန်းမိုင်းနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ည ၇ နာရီတွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်ရှိ စစ်ကောင်စီနှင့် ပေါင်းကာ အနိုင်ကျင့် ဗိုလ်ကျနေသည့် လက်ပါးစေများကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၂၄ (ရွှေပြည်သာ)
=====================

ရွှေပြည်သာမြို့နယ် ၊ ဘဘကြီးမှတ်တိုင်အနီးရှိ အကြမ်းဖက်စစ်ကောင်စီဝင်များကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၂၅ (ပန်းဘဲတန်း)
======================

အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီရဲကင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် YUG ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၂၇(လမ်းမတော်၊ သာကေတ)
=================================
အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် လမ်းမတော် EPC ရုံးကို ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရွှေတိဂုံ PF ပြည်သူ့တော်လှန်ရေးအဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီတွင်မူ သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၂၈ (အင်းစိန်၊ လှိုင်)
======================

အင်းစိန်အကျဉ်းထောင် ဝင်ပေါကအနီးရှိ အကြမ်းဖက် စစ်ကောင်စီဝင်များကို ပစ်မှတ်ထား၍ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မနက် ၅ နာရီအချိန်တွင်မူ လှိုင်မြို့နယ်ရှိ ဘုရင့်နောင်စစ်ကြောရေးတပ်ဂိတ်ဝင်ပေါက်ကို From Zero to Hero ရဲဘော်များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၂၉ (လှိုင်သာယာ၊ သာကေတ)
===============================

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း EPC ရုံးနှင့် စက်မှုဇုန်ရုံး ၂ ရုံးကို ဇန်နဝါရီ ၂၉ ရက်နေ့ ည ၇ နာရီတွင် Free Tiger Ranger, Black Eagle Ranger, Spring Revolution Flame , Gods of Death အဖွဲ့များ ပေါင်းကာ ပြင်းအားကောင်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ပြီး သာကေတမြို့နယ် Fortune Plaza အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ စစ်ကားကို ညနေ ၅ နာရီတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဝင် စစ်သား ၂ ဦး ပွဲချင်းပြီး သေကာ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၃၀ (တွံတေး)
===================

တွံတေးမြို့နယ် အမ္မတီကျေးရွာရှိ MyTel တာဝါတိုင်ကို ဇန်နဝါရီ ၂၀ ရက် နံနက် ၃ နာရီအချိန်တွင် တွံတေးမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။

ဇန်နဝါရီ ၃၁ (ကျောက်တံတား၊ ခရမ်း၊ ရန်ကင်း၊ သာကေတ)
=============================================

ကျောက်တံတား ရဲစခန်းနားရှိ အကြမ်းဖက်စစ်ကောင်စီတပ်များကို ဇန်နဝါရီ ၃၁ ရက် နေ့လယ် ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် 21 UGF ရဲဘော်များ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ခရမ်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် သစ်တောဂိတ်ကို ည ၇ နာရီတွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ စစ်သား တစ်ဦး သေ၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ရန်ကင်းမြို့နယ် ပါရမီမဉ္ဇူလမ်းနေ အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ ဒုဗိုလ်မှူးကြီး အဆင့်ရှိ ထက်နောင်တင့် နေအိမ်ကို ည ၇ နာရီတွင် MO8 အဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်အတွင်း ပျက်စီး မီးခိုးများထွက်ကာ ထက်နောင်တင့် အိမ်သားများ အော်ဟစ်ထွက်ပြေးခဲ့ကြောင်း၊ သာကေတမြို့နယ် စစ်ကောင်စီများ တပ်စွဲထားသည့် ဓာတ်အားခွဲရုံကို ည ၈ နာရီတွင် MO8 အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁ (စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ တာမွေ၊ တိုက်ကြီး၊ မှော်ဘီ၊ ရွှေပြည်သာ၊ သာကေတ၊ ဒလ၊ အင်းစိန်၊ လှည်းကူး၊ လှိုင်သာယာ)
======================================================================

စစ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်ရှိ CCTV Control Box, ဝေဠုဝန် ၆ လမ်းထိပ်ရှိ CCTV Control Box နှင့် မုန့်/ မြောက်ရပ်ကွက်ရုံးများကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီတွင် အဝေးထိန်းမိုင်းနှင့် တစ်ပြိုင်နက် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက် ပျက်စီးမှုများပြားခဲ့သည်။

ဒဂုံမြို့သစ်တောင်ပိုင်း ၇၁ ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မင်းရဲကျော်စွာ ၇ လမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီ စခန်းချရာ နေရာကို နံနက် ၄ နာရီ ၊ ၅၆ ရပ်ကွက်ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်များကို နံနက် ၉ နာရီခွဲ၊ စစ်ကောင်စီတပ်များ လှုပ်ရှားနေသည့် မောင်းမကန်လမ်းပေါ်ရှိ နေရာကို နံနက် ၁၀ နာရီခွဲ၊ ဇေယျာမြိုင်လမ်းမပေါ်နေရာကို နေ့လယ် ၁၂ နာရီ အချိန်များတွင် DAPA နှင့် F2Y အဖွဲ့များက ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရန်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တာမွေမြို့နယ် စခန်း ၄၀ ကို နံနက် ၉ နာရီတွင် ရွှေတဂုံ PF နှင့် YPDF (Bahan) အဖွဲ့များ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ပြည်သူ့တော်လှန်ရေးအင်အားစု၊ ရွှေတဂုံ PF ရဲဘော်များက တိုက်ကြီးမြို့နယ် ရဲစခန်းဟောင်းအနီးရှိ စစ်ကောင်စီများကို နံနက် ၆ နာရီတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရွှေပြည်သာမြို့နယ်တွင် ပရဟိတ အမည်ခံ ပြည်သူများကို ဖိနှိပ်မှုနှင့် စစ်ကောင်စီသတင်းပေးလုပ်နေသည့် We Love Care အဖွဲ့ရုံးကို နံနက် ၆ နာရီခွဲတွင် အဝေထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

မှော်ဘီမြို့နယ် မြောင်းတကာရဲစခန်းနားရှိ စစ်ကောင်စီများနှင့် ၄ ရပ်ကွက်၊ ဘူတာကွေ့၊ ပြည်လမ်းဘေးရှိ စစ်ကောင်စီများကို နံနက် ၆ နာရီခွဲနှင့် နံနက် ၁၁ နာရီအချိန်များတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့သည်။

သာကေတမြို့နယ် ဝက်စုမှတ်တိုင်နား နောင်ရိုးလမ်းထိပ်ရှိ စစ်ကောင်စီများ လှုပ်ရှားသည့် နေရာကို နံနက် ၆ နာရီတွင် လည်းကောင်း၊ ၁၀ တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နံနက် ၁၀ နာရီခွဲတွင် လည်းကောင်း ပြည်သူ့တော်လှန်ရေးအင်အားစု၊ BFRAF ၊ သာကေတမြို့ပြပျောက်ကြားရေးတပ်ဖွဲ့ အဝေးထိန်းမိုင်းနှင့် ဗုံးများဖြင့် ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဒလမြို့နယ် ဗညားဒလရပ်ကွက်၊ ဦးအောင်ဇေယျ ၁၀ လမ်းရှိ စစ်ကောင်စီလေတပ်၊ အုပ်ချုပ်မှုဌာန၊ ဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ ရန်နိုင်ဝင်း နေအိမ်ကို နံနက် ၅ နာရီခွဲတွင် ဗုံးဖြင့် ဖောက်ခွဲရာ နေအိမ်ခြံဝင်းအတွင်း ပေါက်ကွဲကာ ၎င်း၏ မိသားစုဝင်များ ကြောက်လန့်ခဲ့ပြီး အင်းစိန်မြို့နယ်တွင်မူ စစ်ကောင်စီဝင်များ လှုပ်ရှားနေသည့် နေရာများဖြစ်သည့် မင်းကြီးလမ်းမ၊ မြို့နယ်ခန်းမအနီးနှင့် ဒညင်းကုန်းလမ်းဆုံးတို့တွင် နံနက် ၆ နာရီအချိန်ခန့်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

လှည်းကူးမြိုန့ယ်ရှိ စစ်ကောင်စီဝင်များ လှုပ်ရှားရာနေရာများဖြစ်သည့် အောင်မင်္ဂလာရပ်ကွက်ရုံးအနီးကို နံနက် ၇ နာရီ၊ EPC ရုံးနှင့် ဘောလုံးကွင်းအနီးကို ၈ နာရီ ၊ လှည်းကူးတာဆုံအနီးကို နံနက် ၉ နာရီအချိန်များတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် DRPA အဖွဲ့များ ပူးပေါင်းကာ ဗုံးများဆက်တိုက် ဖောက်ခွဲ့ခဲ့ပြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းလုံခြုံရေးကင်းတဲကို အဝေးထိန်းမိုင်း ၂ လုံးကို နံနက် ၅ နာရီတွင် ပြည်သူ့ တော်လှန်ရေး HRDF အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article