31 C
Yangon

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို သေဒဏ်စီရင်ခြင်းသည် အကြမ်းဖက်လုပ်ရပ် ဟု ဥရောပသမဂ္ဂကိုယ်စားလှယ်နှင့် အမေရိကန်အပါအဝင် ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ထုတ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခြင်းသည် အများက မေးငေါ့အပြစ်တင်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေး၊ ဥရောပသမဂ္ဂကိုယ်စားလှယ်နှင့် အမေရိကန်အပါအဝင် ၈ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဩစတေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ UKနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်မှုအပေါ် ရှုတ်ချသည့် ပူးတွဲကြေညာချက်ဖြစ်ကြောင်း ဖော်ပြသည်။

ကြေညာချက်တွင် စစ်ကောင်စီ၏လုပ်ရပ်သည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဂရုမထားသည်ကို ဆက်လက်ဖော်ပြနေကြောင်း၊ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးရန်၊ အကျဉ်းထောင်များအတွင်းသို့ ပြည့်ပြည့်ဝဝ လွတ်လွတ်လပ်လပ် ဝင်ရောက်တွေ့ဆုံခွင့်ပြုရန်၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အရ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် နှစ်ဦးနှစ်ဖက် ဆွေး‌နွေးမှုအားဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေရန်နှင့် အကြမ်းဖက်မှုများကို ဆက်လက် မကျူးလွန်ရန် စစ်အာဏာရှင်အဖွဲ့ကို အဆင့်မြင့်ကိုယ်စားလှယ်နှင့် နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းထားသည်။

လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ပြင်းပြသောဆန္ဒရှိသည့် မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း၊ အကြမ်းဖက်လုပ်ရပ်များ အသုံးပြုခြင်းကို အဆုံးသတ်ရေး၊ ပြည်သူများ၏ဆန္ဒကို လေးစားလိုက်နာရေးနှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ရေးတို့ကို စစ်အာဏာရှင်အား တောင်းဆိုသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် မတရားကွပ်မျက်ခံရသည့်သူများအတွက် ပူဆွေးသောကရောက်လျက်ရှိသည့် မိသားစုများ၊ ချစ်ခင်သူများအားလုံးနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးသည့်အချိန်မှစပြီး ကျဆုံးခဲ့ကြသူများအားလုံးကို အမှတ်ရလျက်ရှိပြီး ဝမ်းနည်းပူဆွေးရကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article