32 C
Yangon

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် သတ်ဖြတ်မှု ကျူးလွန်နေပြီး စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေး အလုံးစုံညီညွတ်ရေး တည်ဆောက်ကာ အစွမ်းကုန်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း KSCC က ထုတ်ပြန်

Must read

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် သတ်ဖြတ်မှု ကျူးလွန်နေပြီး စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေး အလုံးစုံညီညွတ်ရေး တည်ဆောက်ကာ အစွမ်းကုန်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း KSCC က ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၁

အကြမ်းဖက် စစ်ကောင်စီသည် ယခု ရက်သတ္တပတ်အတွင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များရှိ အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ တစ်ဆင့် အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် သတ်ဖြတ်မှု ကျူးလွန်နေပြီး စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေး အလုံးစုံညီညွတ်ရေး တည်ဆောက်ကာ အစွမ်းကုန်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) မှ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပဇီကြီးကျေးရွာရှိ အပြစ်မဲ့ ကျေးရွာသူ၊ ကျေးရွာသားများကို ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်၊ MI 35 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်တိုင်တိုင် လေကြောင်းများ တိုက်ခိုက်မှုကြောင့် ကလေး၊ ကျောင်းသူ/ကျောင်းသားနှင့် လူကြီး စုစုပေါင်း လူဦးရေ ၅၃ ဦးသေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ဆေးကုသမှုခံယူနေရသည်ဟု ကနဦး သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ဧပြီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလုမြို့ပေါ်တွင်‌ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရစ်ယာန်သင်းအုပ်ဆရာတော်ကြီး ၁ ပါး၊ ဖလမ်းမြို့နယ် ကြားကာလပညာရေးဘုတ်အဖွဲ့ လက်အောက်ရှိ ပြည်သူ့ကျောင်းမှ ကျောင်းအုပ်ဆရာကြီး အပါအဝင် အပြစ်မဲ့ ပြည်သူလူထု ၉ ဦး သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၇ ရက်နေ့ သောကြာနေ့တွင်လည်း ကယားပြည်နယ်အတွင်း အရေးပေါ်ကယ်ဆယ်ရေးဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ပေးနေသူ ၂ ဦး မြေပြင်တွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးချိန်မှစ၍ အပြစ်မဲ့ ပြည်သူလူထုများကို ပစ်မှတ်ထား အစုလိုက်အပြုံလိုက် လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်နေမှုများကို ၂၀၂၃ ခုနှစ်အတွင်း အရှိန်မြှင့် ကျူးလွန်လာခဲ့ခြင်းဖြစ်လည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်၏ အပစ်မဲ့ပြည်သူလူထုများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအပေါ် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီမှ လွန်စွာ ဝမ်းနည်း ကြေကွဲရကြောင်း၊ ပြည်သူလူထုများနှင့်အတူ ထပ်တူခံစားရကာ တော်လှန်ရေးအင်အားစုများ အနေ ဖြင့် အပြစ်ကျူးလွန်သူများအား အပြစ်ကင်းလွင့်ခွင့် မရရှိစေရေးအတွက် အရေးယူဆောင်ရွက်နိုင်ရေးကို အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် စစ်အာဏာရှင် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် အလုံးစုံညီညွတ်ရေး တည်ဆောက်ပြီး ဟန်ချက်ညီညီဖြင့် အစွမ်းကုန် တိုက်ပွဲဝင်သွားကြရန် အထူး လိုအပ်နေ​ကြောင်း KSCC က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article