37 C
Yangon

မန္တလေးခရိုင်မဟာမိတ် တပ်ရင်း ၄ ခု ဦးဆောင်သူ ဗိုလ်နက္ခတ်၊ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်ဇင်ကြီးတို့နှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“စစ်တပ် တစ်တပ်ရဲ့ သေနတ်ပြောင်းက ပြည်သူ့ဘက်ကို လှည့်နေသရွေ့က ဘယ်လိုနည်းနဲ့မှ နိုင်ငံတော်ရဲ့ စစ်တပ်တစ်တပ် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မို့လို့ သူတို့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပျက်ပြားနေသလို ဖွဲ့စည်းမှုတွေလည်း ပျက်ပြားနေပြီ။ စစ်သား ၁၀၀ တက်လာရင် အိမ်ပြန်ရင် တော့ စစ်သား အယောက် ၁၀၀ လုံးတော့ အိမ်ပြန်နိုင်တဲ့ အရည်အချင်းတော့ မရှိကြပါဘူး”

မန္တလေးခရိုင်မဟာမိတ် တပ်ရင်း ၄ ခု ဦးဆောင်သူ ဗိုလ်နက္ခတ်၊ တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်ဇင်ကြီးတို့နှင့်တွေ့ဆုံခြင်း အပိုင်း ၁

By ရန်ကုန်ခေတ်သစ်

မန္တလေးခရိုင်တပ်ရင်း လေးခုဟာ ပူးပေါင်းလိုက်ပြီး တော်လှန်ရေးကိုအရှိန်မြှင့် နိုင်ဖို့ အတွက် လုပ်ဆောင် နေတယ်လိုသိရပါတယ်။ အဲဒီတပ်ရင်းတွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်ကနေ အကြမ်းဖက်စစ်တပ်ကို ခုခံတော်လှန်နေတဲ့ တပ်ရင်းတွေဖြစ်ပါတယ်။

လက်ရှိမန္တလေးတိုင်း အတွင်း အဲဒီတပ်ရင်းတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊နယ်မြေစိုးမိုးမှုအခြေအနေတွေ လက်နက်ခဲယမ်းအတွက် ရန် ပုံငွေရှာဖွေ နေတဲ့အကြောင်းတွေအပါအဝင် မန္တလေးခရိုင်တပ်ရင်းလေးခု စိုးမိုးတဲ့နယ် မြေတွေက အကြမ်းဖက်စစ်တပ်ရဲ့ အခြေအနေတွေ သိရအောင် ရန်ကုန် ခေတ်သစ် သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မန္တလေးခရိုင်တပ်ရင်း ၄ ခု ပူးပေါင်းရတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းမှုကြောင့် ဘယ်လိုအားသာချက် ရှိလာနိုင်လဲ ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ ကျွန်တော်တို့က မြေပြင်မှာလည်း ချိတ်ဆက်ပြီးသွားနေတဲ့ မန္တလေးခရိုင်တပ်ရင်းတွေ ဖြစ်တယ်။ နဂိုကလည်း MOD အောက်မှာ ရှိနေတဲ့ COC တစ်ခုတည်းအောက်မှာရှိနေတဲ့ တပ်ရင်းတွေ ဖြစ်တဲ့အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှုကတော့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားလေ့ရှိပါတယ်။

အခုလိုမျိုး တပ်ရင်း ၄ ရင်းပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေ ဖော်ဆောင်တယ်ဆိုတာက စစ်ရေးအရှိန်မြှင့်ဖို့ရယ်၊ ရန်သူကို ဒီထက်ပိုပြီးတော့ ခြိမ်းခြောက်နိုင်ဖို့ရယ်၊ နောက် ပြည်သူကို ပိုပြီးတော့ အားတက်နိုင်ဖို့အတွက်ရည်ရွယ်ပြီး အခုလို ဖွဲ့စည်းပြီးတော့မှ လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို မလိုလားတဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ ပြည်သူတွေကိုလည်း ပိုပြီးတော့ ကောင်းမွန်စွာ စုဖွဲ့လို့ရမယ့် အခြေအနေတွေ ၊ ပြီးတော့ စစ်သည်တော် ကျင့်ဝတ်နဲ့ ညီတဲ့ စစ်သည်တော်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ပူးပေါင်းလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဗိုလ်ဇင်ကြီး (မန္တလေးခရိုင် တပ်ရင်း ၆ – ဒုတပ်ရင်းမှူး)။ ။ ကျွန်တော်တို့ မြေပြင် တပ်ရင်းတွေ MOD ရဲ့ ခရိုင် တပ်ရင်းတွေ စုဖွဲ့ရတဲ့ အကြောင်းအရင်းတွေ အပွင့်လင်းဆုံးပြောရရင် မြေပြင်မှာ တပ်ရင်း ၄ ရင်းဟာ စည်းစည်းလုံးလုံးရှိတယ်ဆိုတာကို ပြည်သူကို ချပြချင်တဲ့ သဘောပါ။ ကျန်တဲ့ သဘောကတော့ မပါဝင်ပါဘူး။ အဓိက သွားချင်တဲ့ဟာက ပြည်သူကို တပ်ရင်း ၄ ရင်းက စုစုစည်းစည်းနဲ့ စည်းစည်းလုံးလုံးရှိတယ်။ နောက်တစ်ချက် ပြည်သူကို Moti ပေးချင်တာ။ စိတ်ခွန်အားပေးချင်တဲ့ သဘောအနေနဲ့ ချပြရခြင်းဖြစ်ပါတယ်။ အခု လက်ရှိလုပ်နေတဲ့ ရွှေပြည်စိုး ကမ်ပိန်းကိုလည်း အောင်မြင်ချင်တဲ့ အတွက် ဒီလို စုဖွဲ့ရခြင်းဖြစ်တဲ့ အနေအထားပါ ခင်ဗျ။

မေး။ ။ မြေပြင်စိုးမိုးမှုအခြေအနေမှာ တပ်ရင်းတစ်ခုစီအလိုက် ဘယ်လောက် အောင်မြင်မှုတွေ ရှိနေပြီလဲ။

ဗိုလ်ဇင်ကြီး (မန္တလေးခရိုင် တပ်ရင်း ၆ – ဒုတပ်ရင်းမှူး) – ဘယ်လောက်ကြီးအထိ အောင်မြင်နေပြီလဲဆို မြေပြင်တွေမှာက ကျွန်တော်တို့ မြေပြင်စိုးမိုးမှုအနေအထားအရ တော်တော်လေးကို စိုးမိုးနိုင်တဲ့ အနေအထားရှိပါတယ်။ အပွင့်လင်းဆုံးပြောရရင် သွားချင်တဲ့နေရာကို ချိတ်ဆက်ပြီးတော့ သွားရတဲ့ ခက်ခဲတာလေးပဲ ရှိတယ်။ ကျန်တာကတော့ စိုးမိုးမှု အနေအထားက တော်တော်ကြီးကို ကျယ်ပြန့်တယ်လို့ ပြောလိုပါတယ်။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး)။ ။ ကျွန်တော့်အနေနဲ့ပြောချင်တာက အခုဟာက ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ် ပြည်သူ့တော်လှန်စစ်ဆိုတော့ အံ့ဩစရာကောင်းတာက မြေပြင်မှာတော့ ပြည်သူက လုံးဝ စစ်အာဏာရှင်ကို မလိုလားဘူး။ အဲဒီအတွက်ကြောင့်မို့လို့ မြေပြင်မှာတော့ ပြည်သူနဲ့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက တစ်သားတည်း ဖြစ်နေတယ်။ စိုးမိုးနယ်မြေလို့ ကျွန်တော်တို့က ထုတ်ပြောလို့မရတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြည်သူနဲ့ တစ်သားတည်းဖြစ်နေတယ်အတွက်ကြောင့် စိုးမိုးနယ်မြေက တစ်နိုင်ငံလုံး အခြအနေမျိုးမှာတောင် ရှိတယ်လို့ ကျွန်တော်တို့က ပြောလို့ရတယ်ပေါ့နော်။

ဘာလို့ဆို တကယ် တစ်နိုင်ငံလုံးအနေနဲ့ရော ပြည်သူတစ်ရပ်လုံးရော တော်လှန်ရေး အင်အားစုတွေရော တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရော အကုန်လုံးပူးပေါင်းပြီးတော့ တစ်ပြိုင်နည်းတည်းဖော်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီးက နေ့ချင်းညချင်းကို ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ စိုးမိုးနယ်မြေဆိုတာကတော့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေမှာ လူအင်အားပဲ ရှိတယ်။ စိတ်ဓာတ်ပဲ ရှိတယ်။ လက်နက်အင်အားနည်းနေသေးတဲ့အတွက်ကြောင့် တကယ် ပီပီပြင်ပြင် ကျွန်တော်တို့မှာ ချမပြနိုင်သေးတဲ့ အနေအထားပဲ ရှိတယ်။ မြေပြင်အနေအထားကတော့ တော်တော့်ကို ကောင်းနေပြီပေါ့နော်။ တော်တော်ကို ကျွန်တော်တို့ဘက်က အရေးသားနေပြီလို့ ပြောလို့ရတဲ့ အခြေအနေမှာ ရှိပါတယ်ဗျ။

မေး။ ။ စစ်ခွေးသင်္ချိုင်းစစ်ကိုင်းလို့ ပြောရအောင်ဖြစ်နေတော့ မန္တလေးမှာရော အခြေအနေဘယ်လိုရှိလဲ ။

ဗိုလ်ဇင်ကြီး( မန္တလေးခရိုင် တပ်ရင်း ၆- ဒုတပ်ရင်းမှူး) ။ ။ မြေပြင်မှာကတော့ ပြောရမယ်ဆိုရင် သူတို့ စစ်သား ၁၀၀ တက်လာရင် အိမ်ပြန်ရင်တော့ စစ်သား အယောက် ၁၀၀ လုံးတော့ အိမ်ပြန်နိုင်တဲ့ အရည်အချင်းတော့ မရှိကြပါဘူး။ ဘာလို့ဆို ခြေလျင်စစ်ကြောင်းပဲ ထိုးစစ်ဆင်လာနိုင်တယ်။ ဒီ ခြေလျင်စစ်ကြောင်းကိုမှ ကျွန်တော်တို့က စုပေါင်းပြီးတော့ ကြားဖြတ်တိုက်ခိုက်တာတွေ များတာဆိုတော့ သူတို့သွားပြီဟေ့ဆိုလို့ရှိရင်လည်း ပေါ်ပေါ်ထင်ထင်သွားရဲလာရဲတဲ့ အနေအထားလုံးဝ မရှိဘူး။ ကျွန်တော်တို့ကို ဖမ်းဆီးချင်ဦးတာတောင်မှ ဒီနယ်မြေမှာ လာပြီးတော့ လွယ်လွယ်ကူကူ လာဖမ်းဆီးချင်လို့ မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ် ခင်ဗျာ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ သူတို့ အရင်တုန်းကတော့ လက်နက်မဲ့ပြည်သူကို လက်နက်နဲ့ အနိုင်ကျင့်တယ်။ ဒါမြို့ထဲမှာလည်း အဲဒီလိုမျိုးလုပ်တယ်ပေါ့။ တကယ့်တကယ် ရင်ဆိုင်တိုက်ပွဲ သွားရမယ့် နေရာမျိုးတွေ ဆိုလို့ရှိရင်တော့ သူတို့ အဲဒီလိုပုံစံမျိုးနဲ့ ဘယ်နေရာကိုမှ မသွားလာရဲပါဘူး။ အရင်တုန်းကဆိုရင်တော့ ပြည်သူတစ်ရပ်လုံးမပါသေးတဲ့ တော်လှန်ရေးဆိုတော့ သူတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေနဲ့ ဖြစ်တယ်ဆိုရင် သူတို့တွေ သွားတယ်ဆိုရင် မြို့တွေကို ဖြတ်ပြီးတော့ သွားတယ်။

စစ်ကားကြီးတွေ စစ်ကြောင်းတွေ ချီပြီးတော့ သွားကြတယ်။ အခု ကျွန်တော်တို့ရဲ့ ခုခံတွန်းလှန်စစ်က မြို့ပြမှာရော ကျေးလက်မှာရော ကျွန်တော်တို့ ပြောက်ကျားစစ်ရော ထိတွေ့စစ်ရော ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ ရှေ့တန်းစစ်မြေပြင်ဆိုတာက သူတို့ စခန်းထဲမှာကို ဖြစ်နေပြီ အခုက သူတို့ မြို့ပေါ်မှာကို သူတို့က မလုံခြုံတော့ဘူး ။ ရှေ့တန်းဆိုတာ အရင်လို တောတွေ တောင်တွေကို သွားမှ ရှေ့တန်းဖြစ်နေတယ်။ အခုက အဲဒီလို မဟုတ်ဘူး။ သူတို့နေတဲ့နေရာမှာကို ဖြစ်နေတယ်။

လက်နက်မဲ့ပြည်သူကို လက်နက်ကိုင်ပြီး‌တော့ ခြိမ်းခြောက်တဲ့ အကြောက်တရားသွင်းခဲ့တယ်။ အခု ပြည်သူအလှည့်ပြန်ရောက်လာတဲ့အချိန်မှာလည်း သူတို့ကိုယ်တိုင်လည်း သူတို့နေတဲ့ နေရပ်မှာကို အကြောက်တရားတွေ ဝင်နေပြီ။ သူတို့ရဲ စခန်းကနေ အပြင်ကို ကောင်းကောင်းမသွားရဲတာတို့ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်လာပြီ။ တော်လှန်ရေးသမားတွေ အများဆုံးရှိတဲ့ ဒီ စစ်ကိုင်းဆိုလို့ရှိရင်လည်း အဲဒီလို စစ်ကြောင်းတွေ ချီပြီးတော့ လာနိုင်လောက်တဲ့ အခြေအနေမျိုးတွေ ဆိုလို့ရှိရင် သူတို့ မရှိတော့ဘူး၊ မလာရဲတော့ဘူး။ အဲဒီလို အခြေအနေမျိုးတော့ ဖြစ်သွားပါပြီ။

တစ်နိုင်ငံလုံးမှာ တော်လှန်ရေးအစုအဖွဲ့တွေက ရရာနည်းလမ်း ရရာလက်နက်နဲ့ တော်လှန်နေတဲ့ အခြအနေမျိုးဆိုတော့ သူတို့ ဘယ်နေရာမှာမှ ကောင်းကောင်းမွန်မွန်သွားလာရဲတာမျိုး၊ စစ်ကြောင်းကြီး ချီပြီးသွားလာရဲတာမျိုးလို အခြေအနေမျိုးတော့ အရင်ကလို သွားလာရဲတာမျိုး မရှိတော့ပါဘူး။ ဒါကတော့ တော်လှန်ရေးရဲ့ အားသာချက်ပေါ့။ ကျွန်တော်တို့ တော်လှန်ရေးမှာ ပြောင်းလဲလာတဲ့အပေါ်မှာတော့ ဒီလို အားရစရာလေးတွေ ဖြစ်လာပါပြီ။

မေး။ ။ မြို့ပြနေပြည်သူတွေက ဘယ်တော့ သပြေပန်းနဲ့ ကြိုရမလဲဆိုပြီး မေးနေကြတာကို ဘယ်လိုဖြေချင်ပါလဲ။

ဗိုလ်နက္ခတ်(မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ ကျွန်တော်တို့ ရင်ဆိုင်တိုက်ပွဲတွေမှာလည်း ပြည်သူက မကြောက်သလို တော်လှန်ရေးသမားတွေကလည်း မကြောက် မြို့ပြကလည်း မကြောက်၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထက် အဆမတန် ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ ခုခံတွန်းလှန်စစ်ကို လေကြောင်းအသုံးပြုပြီးတော့ တော်လှန်ရေး ရဲဘော်တွေ ၊ ပြည်သူတွေ အထိတောင် လိုက်ပြီးတော့ လေယာဉ်နဲ့ ပစ်တယ်၊ ဗုံးကျဲတယ် အဲဒီလို အခြေအနေမျိုးရှိနေလို့သာလျှင် ကျွန်တော်တို့ဘက်က တချို့ဆို ပြည်သူတွေအများကြီး ထိခိုက်နစ်နာတာတွေ ရှိတယ်။

တကယ့်တကယ်သာ လေကြောင်းကိုသာ ပိတ်ပင်လိုက်မယ်ဆိုလို့ရှိရင် ပြည်သူ့တော်လှန်ရေးက မကြာခင် အောင်ပွဲဆင်နိုင်တဲ့ အခြေအနေမျိုးမှာ ရှိတယ်။ သူတို့က ပြည်တွင်းမှာ အသုံးပြုခွင့်မရှိတဲ့ လေကြောင်းကို အသုံးပြုနေလို့သာလျှင် ကျွန်တော်တို့ တော်လှန်ရေးသမားတွေလည်း အားမတန်တဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့။ တကယ့်မြေပြင်ကုန်းကြောင်းအနေနဲ့လာတယ်၊ စစ်ကြောင်းထိုးတယ်ဆိုလို့ရှိရင်တော့ ဘယ်တော်လှန်ရေးသမားမှ မကြောက်ပါဘူး သူတို့ကို ။

နောက်တစ်ခု တစ်ဆက်တည်းပြောချင်တာက ပြည်သူတွေရဲ့ ခုခံတွန်းလှန်စစ်ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပြီးတော့ သွားမယ်ဆိုရင် မကြာခင်မှာပဲ ပြည်သူ့တော်လှန်ရေးသမားတွေဟာ မြို့ထဲကို ပြန်ဝင်လာပြီးတော့ ပြည်သူတွေရဲ့ ကြိုဆိုမှုတွေ၊ သပြေခက်နဲ့ ကြိုဆိုတဲ့ အခြေအနေမျိုးတွေ ဆိုတာ မကြာခင်ရောက်လာမယ့် အခြေအနေမျိုး‌တွေ ကျွန်တော့်အနေနဲ့ ယုံကြည်ထားပါတယ်။

ဗိုလ်ဇင်ကြီး( မန္တလေးခရိုင် တပ်ရင်း ၆- ဒုတပ်ရင်းမှူး) ။ ။ တော်လှန်ရေးကာလာ ကြာလာတာနဲ့အမျှက ကျွန်တော့်အနေနဲ့ ပြည်သူတွေကို ပြောချင်တာက လက်နက်ခဲယမ်းက လိုချင်တဲ့ လူကသာ များနေတာ။ များနေတဲ့အပေါ်မှာ ထုတ်လုပ်တဲ့ စက်ရုံက နည်းပါးနေတဲ့အတွက်ကြောင့် တော်လှန်ရေး ဒီလောက်ကြီး ကြာလာတာ ။ ကြာလာတာနဲ့ အမျှလည်း ကျွန်တော်တို့ ဆီမှာ လက်နက်ခဲယမ်းတွေ ရရှိလာပြီပေါ့နော်။ ရရှိလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မြို့ကို ကျွန်တော်တို့ မကြာသော အချိန်ကာလမှာ ဝင်ရောက်လာနိုင်တော့မယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ အဲဒီအချိန်ကျရင် အောင်ပွဲဟာ မနှေးတော့ဘူး။ ရွှေပြည်ကို စိုးမိုးဖို့အတွက် အခုလက်ရှိလုပ်ဆောင်နေကြပါတယ်။

မေး။ ။ လက်နက်ခဲယမ်းမလုံလောက်ဘူးဆိုတော့ ပြည်သူတွေအနေနဲ့ လုံခြုံစွာနဲ့ ဘယ်လိုထောက်ပံ့လို့ရမလဲ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး)။ ။ ဟုတ်ကဲ့ ပြည်သူတွေအနေနဲ့ပေါ့ တော်လှန်ရေးသမားလေးတွေက စိတ်ဓာတ်ပြင်းပြတယ်။ အများကြီး နှောင်ကြိုးတွေကိုလည်း စွန့်လွှတ်ခဲ့တယ်။ ဘဝတွေကိုလည်း စွန့်လွှတ်ပြီး တော်လှန်ရေးလုပ်နေတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူတွေကလည်း ပါပါတယ်။ တော်လှန်ရေးမှာ ပါတဲ့နေရာမှာ လက်နက်ကိုင်ပြီးတော့ တော်လှန်မှ မဟုတ်ဘူး ဒီ CDM ဆိုတာက မတရားတဲ့ အမိန့်တွေ မလိုက်နာသင့်တဲ့ဟာတွေ ဝန်ထမ်းတွေ CDM ဝင်တယ်ဆိုတာထက်ကို အမိန့်မှန်သမျှကို CDM ဝင်ရမှာပါ။

ဒါကလည်း တော်လှန်ရေးပါပဲ။ အဲဒီသဘောလေးကိုတော့ ကျွန်တော် Message ပေးချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့က လက်နက်ခဲယမ်း အင်မတန်ကို ချို့တဲ့တယ်။ လက်နက်ခဲယမ်းမပြည့်စုံဘူးပေါ့။ စားရေးသောက်ရေး နေရေးထိုင်ရေးမပြည့်စုံတာက တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်ကိစ္စ မရှိပေမယ့် လက်နက်ခဲယမ်းကတော့ အင်မတန်နည်းပါးနေတယ်။ ဒါကြောင့် တော်လှန်ရေးဟာ ရောက်သင့်သလောက် မရောက်ဘူး။ ပြည်သူကိုလည်း လှူတဲ့လူလည်း လှူပါတယ်။ ကျွန်တော်တို့ ပြည်သူ့အားနဲ့ သွားနေရတယ်ဆိုတော့ လှူတဲ့လူလည်း လှူပါတယ်။

၈၈ နဲ့ မတူတဲ့ ၂၀၂၁ ရဲ့ တော်လှန်ရေးက နည်းပညာသမားတွေက နည်းပညာနဲ့ တော်လှန်တယ်။ အတတ်ပညာသမားတွေက အတတ်ပညာနဲ့တော်လှန်တယ်ဆိုတော့ အရင်လိုတော့ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဘယ်သူမှ မရိပ်မိအောင် ဘယ်သူမှ မသိအောင် လုံလုံခြုံခြုံလှူဒါန်းလို့ရတာတွေ ရှိပါတယ်။ အခုဆို MOD ရဲ့ NUG အစိုးရကနေ ပြည်သူ့ အစိုးရကနေ ဖန်တီးပေးထားတဲ့ NUG Pay တို့ဆိုရင် ဘယ်သူမှ သိစရာမလိုဘဲနဲ့ ကျွန်တော်တို့ တော်လှန်ရေးသမားတွေ လက်ထဲကို ရောက်တဲ့အထိ လှူဒါန်းလို့ရတဲ့အခြေအနေတွေ ရှိပါတယ်။

Kpay တို့ ဘာတို့ဆိုရင် သိတော့ သိနိုင်ပေမယ့် တခြား မသိနိုင်တဲ့ တစ်ဆင့်ခံလို့ရတဲ့ ဥစ္စာတွေနဲ့လည်း လှူဒါန်းလို့ရတယ်။ ဒါပေမဲ့ အဓိက အလုံခြုံဆုံးကတော့ NUG Pay ပါပဲ ။ နွေဦးဘဏ်တွေလည်း ပေါ်ပေါက်လာပြီ NUG Pay နဲ့လည်း ပြည်သူ့တော်လှန်ရေးသမားလေးတွေရဲ့ လက်ထဲထိ လက်ရှိလက်ရောက် လှူဒါန်းလို့ရတဲ့ အခြေအနေလေးတွေ ဖြစ်လာပါပြီ။ ဒါကြောင့် လုံလုံခြုံခြုံနဲ့ပဲ ဘယ်သူ့မှ မသိဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ပုံမှန် အလုပ်လေးတွေ လုပ်ရင်းနဲ့ ပြည်သူ့တော်လှန်ရေးသမားတွေကို ကူပေးကြပါ။ တတ်နိုင်သလောက် လှူပေးကြပါ။ ဒါမှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးက မြန်မြန် ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်ဗျ။

မေး။ ။ နယ်မြေစိုးမိုးမှုရှိလာပြီဆိုတော့ စစ်သားတွေဘက်က အခြေအနေကရော ဘယ်လိုရှိလဲ။

ဗိုလ်ဇင်ကြီး( မန္တလေးခရိုင် တပ်ရင်း ၆- ဒုတပ်ရင်းမှူး)။ ။ ဒီကဏ္ဍမှာကျတော့ သူတို့က ထမင်းစားပြီး သေမယ့်နေ့ကို ထိုင်စောင့်နေရတဲ့ ဘဝမျိုးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘယ်သူက ဝင်လာတိုက်မယ် ဘယ်သူက လက်ပစ်ဗုံးနဲ့ ပစ်မယ်ဆိုတာ သူတို့ မသိရဘူးပေါ့။ ကျွန်တော်တို့ကလည်း အထူးသဖြင့် သွားတာတွေက ပြောက်ကျားစနစ်နဲ့ သွားတာဖြစ်တဲ့အတွက် သူတို့ကို တော်တော်ကြီး ခြိမ်းခြောက်နိုင်တဲ့အခြေအနေတွေ ရှိနေပြီပေါ့နော်။ လုပ်လည်းလုပ်နေကြပါတယ်။ အဲဒီတော့ ဘယ်လောက်အထိ သွေးပျက်နေလဲဆို‌ တော်တော်ကြီးကို သွေးပျက်နေတယ်လို့ ပြောလိုပါတယ်။ သူတို့ စကစ စစ်တပ်ဟာဆိုလို့ရှိရင် အပွင့်လင်းဆုံးပြောရရင် ပရုတ်လုံးစစ်တပ်ဖြစ်နေပါပြီ။

ဗိုလ်နက္ခတ် (မန္တလေးခရိုင် တပ်ရင်း ၃- တပ်ရင်းမှူး) ။ ။ ကျွန်တော်ပြောလိုတာက အမိန့်ပေါ့။ ဒီစကစ ပေးတဲ့အမိန့်က ဒီ မင်းအောင်လှိုင်ရဲ့ စစ်တပ်က ပြည်သူကို ကိုယ်စားမပြုဘူး။ အခုဖြစ်နေတဲ့ စစ်ပွဲမှာ စစ်သားတစ်ယောက်ရဲ့ ရင်ထဲမှာ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ခံယူချက်ရှိတယ်။ အဲဒါဘာလဲဆို ငါတို့ ပြည်သူအတွက် ငါ့တို့ လူမျိုးအတွက်ဆိုတဲ့ စိတ်ကလေးတွေနဲ့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် Moti ပေးပြီးတိုက်ရတာပေါ့။ ဒါပေမဲ့ မင်းအောင်လှိုင်စစ်တပ်မှာကျတော့ ငါတို့ပြည်သူ့အတွက်လည်း မဟုတ်ဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အစုအဖွဲ့တစ်ခုရဲ့ အာဏာရှင် အစုအဖွဲ့အတွက် တိုက်ပွဲဝင်နေရတာဆို‌တော့ သူတို့မှာ ခံယူချက်မရှိဘူး။

ဘယ်လိုမှလည်းစည်းမျဉ်းစည်းကမ်းအရ အုပ်ချုပ်ဖို့ အခက်အခဲဖြစ်လို့ စစ်တပ်ထဲမှာဆိုရင် မင်းအောင်လှိုင် စစ်တပ်ထဲမှာ စကစတပ်ထဲမှာဆိုရင် တပ်တွင်းစိတ်ဓာတ်ပျက်ပြားတာတွေ တပ်တွင်းပုန်ကန်မှုတွေ ဒါတွေ ဆိုရင် ဆက်တိုက်လိုလို ဖြစ်နေပါပြီ။ အခု မကြာသေးခင် ရက်ပိုင်းအတွင်းကဆိုရင် စစ်တပ်က လူကြီးပိုင်းတွေ အထိ အရေးယူတာတွေ ၊ ဖယ်ရှားတာတွေ ဒီလိုတွေလည်း လုပ်နေကြပြီဆို‌တာ အင်မတန်ကို မင်းအောင်လှိုင်ရဲ့ စစ်တပ်က ပျက်ပြားနေတဲ့အခြေအနေမျိုးဆိုတာ ပြည်သူကလည်း မပြောဘဲနဲ့ကို မြင်နေတဲ့ အခြေအနေမျိုးရှိပါတယ်။ နောက် စစ်တိုက်တယ်ဆိုတာ ကျွန်တော်တို့လည်း မတိုက်ချင်ပါဘူး။ ဘယ်သူမှလည်း မတိုက်ချင်ပါဘူး။ ဒါ ကျွန်တော်တို့ရဲ့ အသက်တွေကို ရင်းပြီးတော့ သွားနေရတဲ့ ကစားပွဲကြီး။

ကျွန်တော်တို့ရဲ့ ရင်ထဲမှာတော့ ကျွန်တော်တို့ရဲ့ နောင် အနာဂတ်အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့ နောင်အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံးအတွက်ဆိုတဲ့ စိတ်ကို သွင်းပြီးသွားနေတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သည် တရားသော စစ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ရဲဘော်တွေ၊ ကျွန်တော်တို့ရဲ့ ပြည်သူ့တော်လှန်ရေး သားကောင်းတွေ အကုန်လုံးက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဒီတိုက်ပွဲကိုပါဝင်လို့ရတဲ့ အခြေအနေအထိတော့ အဓိက လူတစ်ယောက်မှာ စိတ်ဓာတ်ပဲ ။ အဲဒီစိတ်ဓာတ်က ခံယူချက်မှန်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ရဲ့ တရားသောစစ်က အောင်နိုင်တဲ့ အခြေအနေလည်း ရှိသလို အောင်လည်း အောင်မြင်နေတယ်။ တရားသော စစ်ဖြစ်တဲ့အတွက်ကြောင့် လိပ်ပြာလုံလုံနဲ့ ကျွန်တော်တို့ရဲ့ တိုက်ပွဲတွေကို သွားလို့ရတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စကစ က စစ်သားတွေကတော့ အဲဒီလို စိတ် မရှိတော့ဘူး သူတို့မှာ ခံယူချက်လည်း မရှိတော့ဘူး။ သူတို့ ဘာအတွက်တိုက်နေတယ်ဆိုတာ သူတို့ မသိတော့ဘူး။

သူတို့အထက်က လူကြီးတွေက သူတို့ ပေးချင်တဲ့ အမိန့်တွေ ပေးတယ်။ မတရားတဲ့ အမိန့်တွေ ပေးတယ်ဆိုတာ အိမ်ကြက်ချင်းအိုးမည်းသုတ်ပြီးတော့ ခိုင်းတဲ့အခြေအနေမျိုးမဟုတ်ဘူး။ ကိုယ့်ရဲ့ မိသားစု ကိုယ့်ရဲ့သားသမီးတွေကို သတ်ခိုင်းတဲ့အခြေအနေမျိုးတွေ ဖြစ်နေပြီ။ အဲဒီတော့ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ တိုင်းပြည်မှာ ရှိတဲ့ စစ်တပ် တစ်တပ်က သေနတ်ပြောင်းက ပြည်သူ့ဘက်ကို လှည့်နေသရွေ့က ကျွန်တော်တို့က ဘယ်လိုနည်းနဲ့မှ နိုင်ငံတော်ရဲ့ စစ်တပ်တစ်တပ် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ပျက်ပြားနေသလို ဖွဲ့စည်းမှုတွေလည်း ပျက်ပြားနေပြီ။ ဒါ ကျွန်တော်တို့ရဲ့ အောင်ပွဲပါ။ ဒါကတော့ သူတို့ ခံယူချက် မမှန်လို့ သူ့တို့ဘာ သူတို့ ဖြစ်သွားတဲ့ တပ်ပျက်မှု‌တွေပါပဲ။ ကျွန်တော့်အနေနဲ့ ဒီလို ပြောချင်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article