25 C
Yangon

မြန်မာ့အရေး ကုလသမဂ္ဂကျွမ်းကျင်သူများ ဆွေးနွေးပွဲမှာ စစ်ကောင်စီအကြံပေး ဒေါက်တာဇော်ဦးကို ဖိတ်ကြားထား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကုလသမဂ္ဂအေဂျင်စီများဆိုင်ရာ အမြဲတမ်းကော်မတီ(IASC) က ဦးစီးကျင်းပတဲ့ မြန်မာ့အရေး “ကျွမ်းကျင်သူများ ဆွေးနွေးပွဲ” မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ အနီးကပ် တွဲဖက်လုပ်ကိုင်နေတဲ့ ဒေါက်တာဇော်ဦးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ IASC ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တုံ့ပြန်ဖို့ရန်အတွက် မူဝါဒနဲ့ မဟာဗျူဟာတွေ ရေးဆွဲချမှတ်ပေး‌နေတဲ့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးဖိုရမ်တစ်ခု ဖြစ်ပါတယ်။

ခေတ်သစ်မီဒီယာကို ပေါက်ကြားလာတဲ့ UNDP ကဖြန့်ဝေထားတဲ့ ဖိတ်စာနဲ့ အစီအစဉ်ထဲမှာ စစ်ကောင်စီရဲ့ အကြံပေးဘုတ်အဖွဲ့မှာ လုပ်ကိုင်ခဲ့သူအဖြစ် ရည်ညွှန်းမှတ်ချက်နဲ့ ဒေါက်တာဇော်ဦးရဲ့ ဓာတ်ပုံကို ဖော်ပြထားပါတယ်။

ဒေါက်တာဇော်ဦးဟာ စစ်ကောင်စီကို စီးပွားရေးဏ္ဍအတွက် အကြံပေးနေတယ်လို့လည်း ပြည်တွင်းသတင်းဌာနတချို့က ပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းချိန်ကစလို့ ဒေါက်တာဇော်ဦးနဲ့ စစ်ကောင်စီအကြား ထိတွေ့ဆက်ဆံနေတဲ့သတင်းတွေ မကြာခဏဆိုသလို လူသိရှင်ကြားထွက်ပေါ်လာလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့တဲ့ အလုပ်မဖြစ် ပျက်ပြယ်နေပြီဖြစ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို ဒေါက်တာဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းမှာလည်း အကြမ်းဖက် စစ်ကောင်စီကို လက်ခံအသိအမှတ်ပြုနေတဲ့ နိုင်ငံတွေရယ်လို့ နံမည်ဆိုးရနေတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ဒေသတွင်းအဖွဲ့ BIMSTEC က စီစဉ်ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဒေါက်တာဇော်ဦးဟာ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီး အောင်နိုင်ဦးနဲ့အတူ အိန္ဒိယကို သွားရောက်ခဲ့ပြန်ပါတယ်။

၂၀၂၁ ခုနှစ်နောင်းပိုင်း ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန အစည်းအဝေး အပါအဝင် စစ်ကောင်စီ အစည်းအဝေး အများအပြားမှာ ‌ဒေါက်တာဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။

‌ဒေါက်တာဇော်ဦးဟာ ယခင်ကတည်းက စစ်အုပ်စုအသွင်ပြောင်း အရပ်သားတစ်ပိုင်းအစိုးရလက်ထက် သမ္မတဖြစ်ခဲ့သူ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးတစ်ဦး ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က သူဟာ စစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Mytel တည်ထောင်မှုနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကို ပိုင်ဆိုင်မှုလွှဲပြောင်းအပ်နှင်းမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

IASC ရဲ့ မြန်မာ့အရေး “ကျွမ်းကျင်သူများ ဆွေးနွေးပွဲ” ကို ပြီးခဲ့တဲ့အပတ်က ကျင်းပဖို့ စီစဥ်ထားခဲ့ပေမယ့်၊ နောက်ဆုံးရရှိတဲ့သတင်းများအရ အဆိုပါ အစည်းအဝေးကို ခေတ္တရွေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။ အစည်းအဝေးကို “လျှို့ဝှက်ကိစ္စများ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့” ထုတ်ပြန်ချက်တွေ အစီရင်ခံတင်ပြခြင်းတွေ မပြုလုပ်ဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်အောက်မှာ ပြန်လည်ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခြားသော ဖိတ်ကြားခံရသူတွေထဲမှာ စစ်ကောင်စီကို တရားဝင်ခွင့်ပေးထားတဲ့ ကုလသမဂ္ဂအရာရှိတွေဖြစ်တဲ့ UNDP ရဲ့ စီမံအုပ်ချုပ်ရေးအရာရှိ Achim Steiner၊ မြန်မာနိုင်ငံဆိုင်ရာ IASC ရဲ့ မူဝါဒရေးရာမြှင့်တင်သူ Ramanathan Balakrishnan၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ်ရုံး လူသားချင်းစာနာမှုနဲ့ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ညှိနှိုင်းရေးမှုး Martin Griffiths စတဲ့သူတွေ ပါဝင်ပါတယ်။

Griffiths ဟာ ၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ၎င်းရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်ဖြစ်စေနေပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးအတွက် အသုံးချခံဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၅၁၄ ဖွဲ့က ကြေညာချက် ထုတ်ပြန်ကာ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

Balakrishnan ဟာလည်း စစ်ကောင်စီရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဖို့ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ၎င်းရဲ့ခရီးစဉ်တွေဟာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

သူ့ရဲ့ခရီးစဉ်တွေထဲမှာ ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံမှု၊ ၂၀၂၃ ဇူလိုင်လ ၇ ရက်နေ့မှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်နဲ့ တွေ့ဆုံမှု၊ ၂၀၂၃ ဧပြီလ ၆ ရက်နေ့မှာ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ကံဇော်နဲ့ တွေ့ဆုံမှုတွေ ပါဝင်ပါတယ်။

ဒါ့အပြင် Steiner ဟာလည်း စစ်ကောင်စီရဲ့ ယခင် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့အတူ ၂၀၂၁ နိုဝင်ဘာလ လာအိုမှာပြုလုပ်ခဲ့တဲ့ UNDP အခမ်းအနားမှာ ပါဝင်တက်ရောက်ခဲ့တာကြောင့် အရပ်ဘက်အဖွဲ့အစည်း ၂၅၆ ဖွဲ့က ရှုတ်ချဝေဖန်တာတွေ ခံခဲ့ရပါတယ်။

အဆိုပါ မြန်မာ့အရေး “ကျွမ်းကျင်သူများ ဆွေးနွေးပွဲ” ကို ဖိတ်ကြားခံရတဲ့ ဒေါက်တာ ဇော်ဦးဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ABSDF ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး၊ ဦးသိန်းစိန်လက်ထက် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) ကို ထူထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးနဲ့အတူ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၂၁ နိဝင်ဘာလအတွင်းမှာတော့ ဦးအောင်နိုင်ဦး အပါအဝင် လေးဦးဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ သတ်ဖြတ်မယ့်သူများစာရင်းမှာ ၄င်းတို့ ပါဝင်နေကြောင်း နိုင်ငံတကာသံရုံးတွေကို လိမ်လည်ပြီး စာရေးသား ပေးပို့ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဦးသိန်းစိန်လက်ထက်ကစပြီး စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဒေါက်တာဇော်ဦးကတော့ စစ်အုပ်စု ခေတ်အဆက်ဆက်မှာ စီးပွားရေးအကြံပေးအဖြစ်နဲ့ပဲ လူသိများခဲ့ပြီး၊ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာလည်း စစ်အုပ်စုရဲ့ စီးပွားရေးကို ကျားကန်ပေးနေသူတွေထဲမှာ အဓိက ဦးဆောင်ပါဝင်နေသူ တစ်ဦးဖြစ်တယ်လို့ စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးအသိုင်းအဝိုင်းက ဆိုနေကြပါတယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #ABSDF #MPC #UNDP #IASC

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article