25 C
Yangon

ကချင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ၏ ခမည်းခမက်ပိုင်ဆိုင်သော Jade Landကုမ္ပဏီက ဧရာဝတီ မြစ်ဆုံ မှာ အကြီးအကျယ်ရွှေတူးနေ

Must read

ရန်ကုန် | မတ် ၁၁

စစ်တပ်က အာဏာသိမ်းယူထားတဲ့ သုံးနှစ်အတွင်း ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော် တဲ့ လုပ်ငန်း အများအပြား ပေါ်ထွက်လာပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ ခမည်းခမက် တော်စပ်သူ ယွပ်ဇော်ခေါင်ရဲ့ Jade Land ကုမ္ပဏီဟာ ဧရာဝတီ မြစ်ဆုံ မှာ အကြီးအကျယ်ရွှေတူးနေ စစ်တမ်းတစ်ခု ကဖော်ပြပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တရားမဝင်ရွှေတူးဖော်မှု မြင့်တက်လာတာကြောင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ထိခိုက်လာတယ်လို Myanmar Resource Watchအဖွဲရဲ့ အစီရင်ခံစာတ‌စောင်က ဆိုပါတယ်။

Myanmar Resource Watchအဖွဲ ရဲ့ ကွင်းဆင်းလေ့လာမှုတွေ အရ ကချင်ပြည်နယ် က မြစ်ကြီးနား ၊ဗန်းမော် ၊ ဝိုင်းမော် နဲ့ ချီဖွေ မြိုတွေမှာ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ အများဆုံးတွေ့ရတယ်လိုဆိုပါတယ်။

ကချင်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ မေခမလိခမြစ်ဆုံနေရာမှာ စစ်ကောင်စီကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန် ရဲ့ ခမည်းခမက်ဖြစ်တဲ့ ယွပ်ဇော်ခေါင်ရဲ့ Jade Landကုမ္ပဏီက တရားမဝင်ရွှေတူးဖော်မှု အကြီးအကျယ်ပြုလုပ်နေတယ်လို Myanmar Resource Watchအဖွဲက ဆိုပါတယ်။

ယွပ်ဇော်ခေါင်ရဲ့ ဒုတိယသား ယွပ်ဆိန်ဂေါင်နော်ထွယ် ဟာ ခက်ထိန်နန်ရဲ့ သမီး လက်ထပ်ထားဖြစ်တယ်လို သိရှိရပါတယ်။

ယွပ်ဇော်ခေါင် ပိုင်ဆိုင်သော Jade Land ကုမ္ပဏီ ဟာ မြစ်ဆုံဒေသ တန်ဖရဲရွာအနီး က လေးဧကခန့် ကျယ်ဝန်းတတဲ့ ရွှေလုပ်ကွက်တစ်ခု ငါးနှစ်ကြာ တူးဖော်ခွင့် ကို ၂၀၂၀ ခုနှစ် (National League for Democracy – NLD အစိုးရလက်ထက်) က စတင်ရရှိခဲ့တာဖြစ်တယ်လို Myanmar Resource Watchအဖွဲ ရဲ့ အစီရင်ခံစာ အရသိရပါတယ်။

အဲ့ ချိန်ကစပြီး မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှု စတင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တူးဖော်မှု လုပ်ငန်းတွေ အရှိန်မြင့် လုပ်ကိုင်ခဲ့တယ်လို သိရပါတယ်။

အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ Jade Land ကုမ္ပဏီ က ရွှေလုပ်ကွက်ရရှိထားတဲ့ မြေ ၅ ဧကအပြင် တန်ဖရဲဒေသခံတွေခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ ကို ကာလတန်ဖိုးထက် လျော့နည်းတဲ့ ဈေးနှုန်းနဲ့ ခြိမ်းခြောက်ဝယ်ယူတာ ၊ အဓမ္မသိမ်းယူတာတွေ ပြုလုပ်ခဲ့ပြီးရွှေလုပ်ကွက်တွေ တိုးချဲ့ ခဲ့တယ်လို Myanmar Resource Watch က ထုတ်ပြန်ပါတယ်။

Jade Land ကုမ္ပဏီ ရဲ့ လုပ်ရပ်တွေကို မကျေနပ်လို ထုတ်ဖော်တိုင်ကြားတဲ့ ဒေသခံကို ရိုက်နှက်ခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို Myanmar Resource Watch အစီရင်ခံစာမှာ ဒေသခံတွေက ဖြေကြာထားပါတယ်။

ယွပ်ဇော်ခေါင် ရဲ့ Jade Land ကုမ္ပဏီ ဟာ မြန်မာနိုင်ငံ အတွင်း အကြီးမားဆုံး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တွေထဲက တစ်ခုဖြစ်ပြီး သူဟာ မြန်မာစစ်တပ်နဲ့လည်း အတော်ကိုနီးကပ်တဲ့ ဆက်ဆံရေးရှိသူ တစ်ဦး ဖြစ်တယ်လို သိရှိရပါတယ်။

ဒီလို ရွှေတူးဖော်မှုတွေကို ခွင့်ပြုချက်ပေးပြီး အကျိုးအမြတ်ယူနေတဲ့ အဖွဲအစည်းတွေထဲမှာ စစ်တပ်၊ စစ်ကောင်စီလက်အောက်ခံဌာနတွေအပြင် ဒေသတွင်း လက်နက်ကိုင်အဖွဲအစည်းတွေဖြစ်တဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ပါဝင်နေတယ်လို Myanmar Resource Watchအဖွဲထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ရွှေတူးခွင့်ပေးတဲ့ အဖွဲအစည်းတွေက လုပ်ငန်းရှင်တွေဆီကနေ နှစ်စဉ်ကြေး၊လစဉ်ကြေးတွေကို ငွေကြေး ဒါမှမဟုတ် ရွှေကောက်ခံပြီး ရွှေထွက်နှုန်း၊ တူးဖော်တဲ့နေရာ၊ အသုံးပြုတဲ့ စက်ယန္တယားတွေအလိုက်ပေးရတာဖြစ်ပြီး တလကို ကျပ်ငွေ ၅သောင်းကနေ ၆သိန်းခန့်အထိပေးရတာရှိသလို တချိုနေရာတွေမှာ ရွှေ၅မူးသားပေးရတယ်လို သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှု သိသိသာသာ မြင့်တက်လာတာကြောင့် မိုးသစ်တောတွေ ပျောက်ဆုံးကုန်တာ၊ မေခမြစ်လမ်းကြောင်းပြောင်းလဲတာ အပါအဝင် ဒေသတွင်းဂေဟစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေတယ်လို ဆိုပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် သစ်တောတွေ ပျက်စီးတာအပြင် စိုက်ပျိုးမြေတွေ၊ စားကျက်တွေနဲ့ ချောင်းငယ်တွေ ထိခိုက်ပျက်စီးလာတာကလည်း မနှစ်ကအခြေအနေထက် ပိုမိုဆိုးရွားလာတယ်လို ဒေသခံတွေက ဆိုပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာရာကနေ တောရိုင်းတရိစ္ဆာန်တွေပါ ထိခိုက်မှုရှိနေပြီး ကချင်ပြည်နယ်အတွင်းက တောရိုင်းတိရိစ္ဆာန်ဦးရေကျဆင်းစေတယ်လို ဆိုပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ယိုယွင်းမှုကြောင့် အပူချိန်မြင့်တက်လာပြီး အပူအအေးမျှတမှုကို ထိခိုက်ပြီး ရာသီဥတုဖောက်ပြန်တာတွေလည်း ဖြစ်လာတယ်လို ဆိုပါတယ်။

တရားမဝင်ရွှေတူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာကို ကိုင်တွယ်ဖြေရှင်းဖိုအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့်အဖွဲအစည်းတွေ လိုအပ်နေတယ်လို Myanmar Resource Watchအဖွဲက ထောက်ပြထားပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article