25 C
Yangon

မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဖွဲ့တချို့ လက်နက်ချ အညံ့ခံ ၊ ကော့ကရိတ် ခလရ ၉၇ တိုက်ပွဲလည်း အလွန်ပြင်းထန်နေ

Must read

စစ်ကောင်စီက စစ်ကူစစ်ကြောင်းများ စေလွှတ်ပြီး လေကြောင်းတိုက်ခိုက်မှုများ မရပ်မနား လုပ်နေ

ရန်ကုန်၊ ဧပြီ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို ယနေ့ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်သော်လည်း နောက်ဆက်တွဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေခြင်းနှင့် စစ်ကူစစ်ကြောင်းများ တက်လာနေခြင်းတို့ကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ယမန်နေ့ညပိုင်းမှစတင်ပြီး မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် တိုက်ပွဲများ စတင်ပြင်းထန်ခဲ့ပြီး ယနေ့ နံနက်ပိုင်းအထိလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံတာရှိပါတယ်။ လက်နက်ကြီး လက်နက်ငယ်တချို့သိမ်းဆည်းရမိပြီ၊ ဒါပေမယ့်အပြည့်အ၀ စိတ်ချရတဲ့အခြေအနေမရှိသေးဘူး။စစ်ကူစစ်ကြောင်းတွေ တက်လာတာရှိတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကလည်း မရပ်မနားရှိနေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သင်္ဃန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှုများရှိနေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၍ အထူးသတိထားနေရကြောင်း သိရှိရသည်။

ထို့အတူ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တိုက်ပွဲလည်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် မီးလောင်ဗုံးများ၊ ဆင့်ကွဲပေါက်ကွဲစေတတ်သော ကလပ်စတာ ဗုံးများကို ကျဲချနေကြောင်း သိရှိရသည်။

“ကော့ကရိတ်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းတွေအားလုံးပိတ်လိုက်ပြီ၊ ရန်သူရဲ့ စစ်ကူလမ်းကြောင်းနဲ့ ရိက္ခာပို့လမ်းကြောင်းအားလုံး ပိတ်ဆို့ထားပြီးပြီ။ ရန်သူဘက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့နေရာအားလုံးကို မီးလောင်ဗုံးတွေ တရစပ်ကျဲနေတယ်၊ ကော့ကရိတ်လူနေအိမ်တွေ တော်များများ ဆက်တိုက်မီးလောင်နေတယ်။ သိပ်မကြာခင် သတင်းကောင်းကြားရမယ်လို့ မျှော်လင့်ပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ဓာတ်ပုံ – ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သင်္ဃန်းညီနောင်ဗျူဟာကုန်း

ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article