25 C
Yangon

မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရ၊ ကန်ပက်လက်မြို့နယ်ရှိ ဖျန်ချောင်းရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၅

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲရာ အသက် ၂ နှစ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၃ ရှိ အောက်ချိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆင့်ပွား ထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ ၂၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၄၇ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် ၅၃ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာဝန်းကျင်ရှိ တောအုပ်များ၊ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လူနေအိမ် ၁၂ လုံး နှင့် စာသင်ကျောင်းဆောင်များ၊ ဆရာ၊ ဆရာမ အဆောင်များ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ Cluster ဗုံးများ ကျဲချရာတွင် မပေါက်ကွဲခဲ့သော ဗုံးငယ်များ (droplets) သည် မိုင်းအသွင် ဆက်လက်ရှိနိုင်သောကြောင့် ဒေသခံများအတွက် မိုင်းအန္တရာယ်များနှင့် ဆက်လက်ကြုံတွေ့နေရကြောင်း သိရသည်။

ပြည်သူများအနေဖြင့် နေအိမ်၊ ကျေးရွာဝန်းကျင်၊ တောင်ယာများကို သွားလာရာတွင်လည်း သတိဖြင့် သွားလာ၍ မပေါက်ကွဲသေးသော ကြွင်းကျန်ဗုံးများ၊ ဒုံးကျည်များ၊ မိုင်းများ၊ သံထည်ဝတ္ထုများ၊ ဝါယာကြိုးများ ကို တွေ့ရှိလျှင် ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ခြင်း၊ နေအိမ်သို့ ယူဆောင်ခြင်း လုံးဝ မပြုလုပ်ဘဲ တွေ့ရှိသည့်နေရာကို အမှတ်အသားပြုလုပ်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အဖွဲ့များကို အကြောင်းကြားပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းပြန်ကြားရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် မတ်လအတွင်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ချပေးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဧပြီလ ၃ ရက်နေ့တွင် တောတွင်း တစ်နေရာမှ ပေါ်ထွက်လာပြီး ဖျန်ချောင်းကျေးရွာ၌ တပ်စွဲထားချိန် တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လေကြောင်း စစ်ကူသုံးခြင်း၊ နေအိမ်များ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာနေ ပြည်သူ ၁၅၀ ကျော်ခန့်သည် ဘေးလွတ်ရာ နေရာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

ဖျန်ချောင်းကျေးရွာ အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်စဉ် ရွာထဲ၌ ကျန်ရစ်ခဲ့သော အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပစ်သတ်ခဲ့ကြောင်း၊ အလားတူ အသက်အရွယ်ကြီးရင့်သူ ပြည်သူ ၂ ဦးသည်လည်း ယနေ့ ဧပြီလ ၅ ရက်နေ့ထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း၌ တပ်စွဲထားဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၍ နေအိမ် မီးလောင် ပျက်စီးဆုံးရှုံးမှုများကို အသေးစိတ် မသိရှိရသေးကြောင်း၊ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အရေးပေါ် တိမ်းရှောင်ရသည့် ပြည်သူ များကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်နေပြီး ပြည်သူများမှလည်း ပံ့ပိုး ကူညီပေးနကြရန် တိုက်တွန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
Exif_JPEG_420
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article