ရန်ကုန်| မေ ၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အင်အား ထောင်ချီရှိသော အမှတ် ၁၅ တပ်မဌာန ချုပ် (စကခ ၁၅) နှင့် တပ်ရင်း ၄ ခုကို AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့အဝင် ပန်ဇင်းချောင်းတံတားကို စစ်ကောင်စီက ယမန်နေ့ မေလ ၆ ရက်နေ့ ညနေပိုင်း မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
AA က ယခုလပိုင်းအတွင်း စကခ (၁၅) တပ်မဌာနချုပ်၊ ခမရ ၅၅၁၊ ခမရ ၅၅၂၊ ခမရ ၅၆၄ နှင့် ခမရ ၅၆၅ တပ်ရင်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော် AAက အလွယ် တကူမဝင်ရောက်နိုင်ရန်ဟုဆိုကာ စစ်ကောင်စီက ပန်ဇင်းချောင်းတံတားကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
“စစ်တပ်က မိုင်းခွဲတာပါ။ စစ်သားတွေကိုယ်တိုင် ခွဲတာကို မျက်မြင်တွေ့ခဲ့ရတဲ့ သူတွေလည်းရှိပါတယ်။ မိုင်းသေချာဆင်ပြီး တံတားချိုးတာပါ။ သူတို့လုပ်ကိုင်နေတာကိုလည်း မြင်ခဲ့ရတာကို အ တည် ပြုနိုင်ပါတယ်” ဟု ဘူးသီးတောင်မှ ဒေသပြည်သူက ပြောဆိုသည်။
စစ်တပ်က ကျောက်ဖြူမြို့နယ် တံတား နှစ်စင်းနှင့် မအီးတံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ပြီး စစ်တွေမြို့အဝင်က အမြင့်ကျွန်းတံတားကိုလည်း ၂၀၂၄ ဇန်နဝါရီလအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ပုံစာ – ဘူးသီးတောင်မြို့အဝင်တံတား (ပန်ဇင်းချောင်းတံတား) မိုင်းခွဲဖျက်ဆီးမခံရမိနှင့် မိုင်းခွဲခံရပြီးနောက် မြင်ကွင်း။ (ဓါတ်ပုံ – abn tv)
(Western News နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနတို့ ပူးပေါင်းရေးသားသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
