28 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် စစ်ကောင်စီက စစ်အင်အားများ အလုံး အရင်းဖြင့် ပို့ဆောင်ထားပြီး စစ်ရေးအရ အရေးပေါ် အဆင်သင့်ပြင်ဆင်ထားရန် ယခုရက်ပိုင်းအတွင်း ညွှန်ကြားချက် ထွက်လာ

Must read

လားရှိုးတွင် စစ်ကောင်စီအင်အား ထောင်ချီ၍ စုစည်းထား

ရန်ကုန်၊ မေ ၁၀

အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နယ်သို့ စစ်အင်အားများနှင့် ခဲယမ်းများ အလုံးအရင်းဖြင့် ပို့ဆောင်နေပြီး စစ်ရေးအရ အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ရှမ်းပြည်နယ်တစ်ခွင်မှ ပြည်သူ့စစ်တပ်ရင်းများကို နေ့စဉ် ခေါ်ယူနေပြီး လက်နက်များလည်း တပ်ဆင်နေကြောင်း၊ နိုင်ငံတစ်ဝန်း တပ်ရင်းများမှ ထုတ်နုတ်အင်အားများကိုလည်း လားရှိုးသို့ လေယာဉ်များဖြင့် ပို့ဆောင်နေပြီး လက်နက်ခဲယမ်းများကိုလည်း လေကြောင်းမှ တစ်ဆင့် နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ရေးအရ ၂၄ နာရီ အမြဲမပြတ် သတိနဲ့ ပြင်ဆင်ဖို့ ညွှန်ကြားချက်တွေရှိပါတယ်။ လာတိုက်ခံရမှာမို့လို့လား၊ ပြန်တိုက်ဖို့လားတော့ ဆိုတာတော့ ညွှန်ကြားမှုမှာ မပါဘူး။ ၂၄ နာရီ အမြဲမပြတ် စစ်ရေး အဆင်သင့်ပြင်ထားရမယ်။ တပ်တည်၊ တပ်ချီ တပ်လှုပ်ကို အမိန့်ပေးတာနဲ့ ချက်ချင်း တက် ချက်ချင်း လှုပ်ရှားနိုင်တဲ့ အထိ ပြင်ဆင်ထားဖို့ ညွှန်ကြားတယ်။ အရေးပေါ် အဆင်သင့်ဖြစ်နေရမယ်လို့ ညွှန်ကြားတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လားရှိုးအခြေစိုက် စစ်ဘက်သတင်းရင်းမြစ်ကလည်း လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအားလုံးတွင် ယခုရက်ပိုင်းအတွင်း အရေးပေါ် စစ်ရေးသတိဖြင့် တပ်လှန့်ထားပြီး စစ်ပြင်ထားရကြောင်း၊ လားရှိုးတွင် စစ်တပ်အင်အား စုစုပေါင်း ထောင်ချီ၍ ရောက်ရှိအသင့် ပြင်ဆင်ထားကြောင်း ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်အတွင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များက လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်များဖျောက်၍ လာရောက် ၀ိုင်းထားသည်ဆိုသော သတင်းများ ပြန့်နှံ့နေပြီး စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များ၊ ရမခ စစ်ဌာနချုပ်အတွင်းတွင် ဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးပစ်ကားများ ပိုမို တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ စစ်ကောင်စီနှင့်မြောက်ပိုင်းမဟာ မိတ်ညီနောင် ၃ ဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း စစ်ကောင်စီဘက်ကမူ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့နယ်များအားလုံးကို စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားသည်။

ဓာတ်ပုံ – ဖေဖော်ဝါရီလအတွင်း လားရှိုးတွင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖေဖော်ဝါရီလအတွင်း လားရှိုးတွင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article