33 C
Yangon

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် မြန်မာအမျိုးသားများကို ပညာရေး ဗီဇာ ပေးနေမှု ခေတ္တရပ်ဆိုင်း၊ ရန်ကုန်ထိုင်းသံရုံးကလည်း ဗီဇာစည်းမျဉ်းများ ထပ်မံ တင်း ကျပ်

Must read

ရန်ကုန်၊ မေ ၁၀

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် မြန်မာအမျိုးသားများကို ပညာရေး ဗီဇာ ထုတ်ပေးနေမှုကို ထိုင်းအစိုးရက ခေတ္တရပ်ဆိုင်းလိုက်ကြောင်း JLM Visa Support Ltd. Partnership Chiangmai မှ ဒေါ်ဘိုဘိုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

” အမျိုးသား သီးသန့် မနေ့က စပိတ်တယ်။ ဘာကြောင့်လဲ သေချာ မသိသေးဘူး။ ဘယ်တော့ ပြန်ဖွင့်မလဲလည်း မသိဘူး”ဟု JLM Visa Support Ltd. Partnership Chiangmai မှ ဒေါ်ဘိုဘိုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ပညာရေးဗီဇာဖြင့် နေထိုင်သော မြန်မာနိုင်ငံသား အမျိုးသားများနှင့် ပညာရေးဗီဇာဖြင့် လာရောက်ပြင်ဆင်နေသော အမျိုးသားများကို ထိုင်းအစိုးရက ဗီဇာမပေးတော့ဆိုသော သတင်းများ ယမန်နေ့ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ချင်းမိုင်မြို့တွင် ဗီဇာဝန်ဆောင်မှု ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။

မြန်မာအမျိုးသားအတွက် ပညာရေးဗီဇာ ရပ်ဆိုင်းခြင်းဖြစ်ပြီး အမျိုးသမီးများမှာ ပုံမှန်အတိုင်း ပညာရေးဗီဇာ ကို ဆက်လက်လုပ်ဆောင်နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဗီဇာဝန်ဆောင်မှုပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“အမျိုးသားသီးသန့် Education Language visa ရပ်ဆိုင်းထားလို့ သတင်းထွက်တယ်။ အမျိုးသမီးတွေက ပုံမှန်အတိုင်းလုပ်နိုင်ပါတယ်။ အရင် Language Visa ၃ လရပြီးတဲ့ သူတွေ ပုံမှန်အတိုင်း သက်တမ်းတိုးနိုင်ပါတယ်။ တရားဝင်တော့ ကြေညာထားတာ မတွေ့ရသေးဘူး။ ဒါပေမယ့် ထိုင်းလ၀ကဘက်က အဲဒီလိုတွေ ပြောလာနေတယ်” ဟု ချင်းမိုင်မြို့တွင် ဗီဇာဝန်ဆောင်မှုပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မြန်မာ အမျိုးသားအတွက် ပညာရေး ရပ်ဆိုင်းခံရမှုနှင့် ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေပြီး မည်သည့်အတွက်ကြောင့် ပိတ်လိုက်သည်ကိုမူ အတည်မပြုနိုင်သေးကြောင်း ဗီဇာဝန်ဆောင်မှုလုပ်ဆောင်ပေးနေသူများထံမှ သိရှိရသည်။

ထိုသို့ အမျိုးသားများအတွက် ပညာရေးဗီဇာ ရပ်ဆိုင်းခံရသည့်အတွက် အလည်ဗီဇာ မှ ပညာရေးဗီဇာ ပြောင်းလဲရန် လုပ်ဆောင်ထားသူများကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရှိရသည်။

“ကျွန်တော်က Passport က ချင်းမိုင်မှာ လူက ဘန်ကောက်မှာဆိုတော့ ဘာမှ လုပ်မရဘူး။ ၉ ရက်နေ့က တုံးထုပေးမယ်လို့တော့ Blue Slip ရပြီးသား။ ဒါပေမဲ့ မထုရလောက်သေးဘူး။ ကျွန်တော်က Over stay ဖြစ်မှာ စိုးတာ။ ခုက သူတို့ဘက်က ကြာမယ်ဆိုရင် Passport ပြန်တောင်း Overstay ဒဏ်ငွေဆောင် လာအိုဘက် ခဏ အထွက်ပြ Visit Visa လျှောက်ပြီး ပြန်ဝင်လာ Ed Visa ထပ်စောင့်မယ် တွေးထားတယ်။ ပြီးတော့ ဒီနေ့ မေလ ၁၀ ရက်နေ့ကလည်း Immigration ပိတ်ရက်ဖြစ်နေသေးတယ်” ဟု ချင်းမိုင်တွင် Tourist Visa မှ Language School Visa လျှောက်ထားသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသိုပြောဆိုသည်။

အလားတူ ရန်ကုန်ထိုင်းသံရုံးတွင်လည်း ဗီဇာလျှောက်ထားရာတွင် တင်ပြရသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အပါအဝင် ထောက်ခံချက် စာရွက်စာတမ်းကို နိုတြီပြန်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ခံချက်ပါ ပူးတွဲတင်ပြရန် ဟူသော စည်းကမ်းချက်အသစ်ကို ထပ်မံတိုးလိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဂိတ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာဂိတ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article