26 C
Yangon

ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ဦးမြငါးစင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုသော လူငယ်များ သိန်း ၃၀ ပေးရမည်ဖြစ်ပြီး ထွက်ပြေးလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်

Must read

ဒလမြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့တွင် လူငယ်များကို အဓမ္မငွေကြေးတောင်းခံခြင်းနှင့် ဖမ်းဆီးမှုများ ဖြစ်နေ

ရန်ကုန်၊ မေ ၂၄

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးလှိုင်နှင့် အပေါင်းအပါများက လူငယ်များအနေဖြင့် စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းလိုပါက ငွေကျပ် သိန်း ၃၀ ပေးရမည်ဟု ခြိမ်းခြောက်တောင်းခံနေကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကြည့်မြင်တိုင်မြို့နယ်၊ အနောက်ဘက်ကမ်း၊ ဆိပ်ကြီး/ဦးမြ/ငါးစင် ရပ်ကွက်မှ အုပ်ချုပ်ရေးမှုး မျိုးလှိုင်နှင့်အပေါင်းအပါများက ရပ်ကွက်နေ ပြည်သူများကို အတင်း အဓမ္မနည်းဖြင့် စစ်မှုထမ်းခိုင်းနေကြောင်း၊ ရပ်ကွက်အတွင်းမှ လူငယ်များကို မဲစနစ်ဖြင့်မဟုတ်ဘဲ ၎င်းတို့နှင့်အဆင်မပြေသူများကို အဓိကပစ်မှတ်ထားကာ စစ်မှုထမ်းစေရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း၊ စစ်မှုမထမ်းလိုပါကလည်း ငွေကြေးပေးလျှင် ရကြောင်း၊ ငွေကျပ် သိန်း ၃၀ ပေးလျှင် စစ်မှုမထမ်းစေရန် ရွှေ့ဆိုင်းနိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထွက်ပြေး လွတ်မြောက်မည်မဟုတ်ဘဲ ထွက်ပြေးလျှင် တွေ့သည့် နေရာတွင် ပစ်ခတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။

“စစ်မှုမထမ်းလိုလျှင် သိန်း၃၀ ပေးရခိုင်းတယ်။ စစ်မှုမထမ်းဘဲ ရှောင်ပြေးမယ်ဆိုရင်လျှင် တွေ့တဲ့နေရာမှာ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ထို့အတူ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ အနိုးချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဝတင်က စစ်မှုထမ်းလိုသော လူငယ်များကို တောက်လျှောက်ဆိုသလို ငွေကြေးများ ခြိမ်းခြောက်တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” ဒလ၊ အနိုးချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဝတင်က မတ်လတုန်းကလည်း စစ်မှုမထမ်းချင်ရင် လူငယ်တစ်ဦးကို ၄၀၀၀၀ ကျပ်တောင်းခဲ့တယ်။ အခု မေလမှာလည်း လူငယ်တစ်ဦးကို စစ်မှုမထမ်းချင်ရင် ၁၂၀၀၀၀ ပေးရမယ်ဆိုပြီး ထပ်တောင်းတယ်။ ပြည်သူတွေလည်း အတော်ကို ဒုက္ခရောက်ကြတယ်။ ဘယ်သူ့ကိုမှလည်း တိုင်လို့မရ ကြိတ်ခံနေရတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုသည်။

ထို့အတူ ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲနိုင်စိုးနှင့် အပေါင်းအပါများက ကွမ်းခြံတုန်းမြောက်၊ ကွမ်းခြံတုန်းတောင်၊ ဝဲငယ်ကံစု၊ ဝဲငယ်အထက်စု၊ မယ်စိန်စု၊ ချောင်းနားစု၊ ပေါက်ကုန်း ကျေးရွာမှ လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်း အပတ်စဉ် ၂ ၊ ၃ ၊ ၄ အတွက် ကြိုတင်စုဆောင်းနေကြောင်း၊ လူငယ်များကို စစ်သားအဖြစ် စုဆောင်းရာတွင် မဲမနှိုက်ခိုင်းတော့ဘဲ ၎င်းတို့ စိတ်တိုင်းကျ ရွေးချယ် ဖမ်းဆီး နေကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ မဲစာရင်းပါသူရော၊ မဲပေါက်သူရော ထွက်ပြေးရင် ကျန်တဲ့မိသား စုကို ပြဿနာရှာမယ်ပေါ့။ ထူးခြားတာက သူတို့ သားတွေ၊ တူတွေ မိတ်ဆွေရဲ့ သားတွေကိုတော့ စစ်မှုထမ်းရမယ့် စာရင်းထဲကနေ ဖျောက်ထားတယ်။ ငွေပေးတဲ့သူတွေကိုလည်း စစ်မှုမထမ်းရအောင် လုပ်ပေးတယ်။ ကျန်တဲ့လူငယ်တွေကို ဖမ်းဆီးပြီး လူတောင် ကြိုစုနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆို သည်။

စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးရာတွင် ကွမ်းသီးပင်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲနိုင်စိုး၊ နိုင်ဝင်းအောင်၊ ကြည်ထွန်း၊ ရွှေတိုးတို့က အဓိက ဦးဆောင်​ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကြည့်မြင်တိုင်မြို့နယ်တွင် စစ်တပ်နှင့်ထွေအုပ်က စစ်မှုထမ်းရေး ဝါဒဖြန့် စာစောင်များ ဖြန့်ဝေနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကြည့်မြင်တိုင်မြို့နယ်တွင် စစ်တပ်နှင့်ထွေအုပ်က စစ်မှုထမ်းရေး ဝါဒဖြန့် စာစောင်များ ဖြန့်ဝေနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article