25 C
Yangon

ငပလီမြို့ ၃ မိုင်အကွာ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်

Must read

ရန်ကုန်| ဇွန် ၄

ရခိုင်ပြည် သံတွဲမြို့နယ် ငပလီမြို့ ၃ မိုင်အကွာ ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းကစ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိကြောင်း ဒေသခံ စစ်ရေးအခြေအနေသိသူများက ပြောသည်။

ဂေါ့တောင်တိုက်ပွဲမှာ ယမန်နေ့ ဇွန်လ ၃ ရက်နေ့က အလွန်ပြင်းထန်ခဲ့ပြီး ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်အထိလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသိသူတစ်ဦးက ပြောသည်။

” ဒီနေ့ မနက်က ဂေါ့ကျေးရွာအနီးကို စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံး နှစ်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်။ ဂေါ့ရွာနဲ့ ရွာအနီးမှာရှိတဲ့ Jasmine Ngapali Resort ဟိုတယ်ဝန်းထဲကို ဗုံးက ကျတာ။ ဂေါ့ဘုန်းကြီးကျောင်းနဲ့ Jasmine ဟိုတယ်က အိပ်ဆောင်အချို့ ထိခိုက်ပျက်စီးသွားတယ်။ ၁၂ နာရီလောက်မှာ လေယာဉ်က ပြန်သွားတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေကြတုန်းပဲ။ ” ဟု ပြောသည်။
ဂေါ့တောင် တိုက်ပွဲမှာ ငပလီမြို့ထဲရှိ သံတွဲလေဆိပ်နှင့် ၂ မိုင်ခန့်သာ ဝေးပြီး ခရီးသည်လေကြောင်းခရီးစဉ်များအားလုံးကို စစ်ကောင်စီက ရပ်နားထားကြောင်း သိရသည်။

မဇင်ရပ်ကွက်ဒေသခံတစ်ဦးက ” မနေ့က တိုက်ပွဲအရမ်းပြင်းတော့ ခရီးသည်ပို့ဆောင်ရေး လေကြောင်းလိုင်းတွေအားလုံး ရပ်နားလိုက်ရတယ်။ ဒါပေမယ့် စစ်ကောင်စီ လေယာဉ်တွေကတော့ နေ့စဉ် ဆင်းသက်နေတုန်းပဲ။ လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့တဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေရော ဆင်းသက်နေတုန်းပဲ။ တိုက်ပွဲက ငပလီမြို့နီးလာတော့ ဒေသခံတွေဟာ သံတွဲမြို့ပေါ်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီ။ ” ဟု ပြောသည်။

ဧပြီလ ၂၂ ရက်နေ့က စတင်ခဲ့သည့် သံတွဲမြို့နယ် တိုက်ပွဲမှာ မေလ နောက်ဆုံးအပတ်က ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်ခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့ ညပိုင်းတွင် ငပလီမြို့အနီးနှင့် သံတွဲမြို့အနီး ရွှေလှော်တစ်ဝိုက်တွင် တိုက်ပွဲ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်မြကျေးရွာအနီးက စတင်ခဲ့သည့် သံတွဲမြို့သိမ်းပိုက်ရေး တိုက်ပွဲမှာ AA ၏ ထိုးစစ်သည် သံတွဲမြို့နှင့် ၅ မိုင်အကွာ ရွှေလှော်ကျေးရွာအနီးက ဒေါပွေ့ခုံကျေးရွာ တစ်ဝိုက်သို့ ရောက်ရှိလာပြီဟု စစ်ရေးအခြေအနေ သိသူ နောက်ထပ်တစ်ဦးက ပြောသည်။

” ဒေါပွေ့ခုံရွာအနီးက တိုက်ပွဲလည်း ဂေါ့တောင်တိုက်ပွဲနဲ့ အတူတူပဲ။ တစ်နေ့တည်းမှာ ဖြစ်ကြတာ။ ရွှေလှေဘက်မှာတော့ တိုက်ပွဲက မရှိတော့ဘူး။ စစ်ကောင်စီတပ်သားတွေလည်း မရှိတော့ဘူး။ AA ရဲ့ ထိုးစစ်က သံတွဲမြို့နဲ့ အလွန်နီးကပ်လာပြီ။ သံတွဲနဲ့ ဒေါပွေ့ခုံရွာဆို ၅ မိုင်ကျော်လောက်ပဲ ဝေးမယ်ထင်တယ်။ ငပလီဘက်ကလည်း AA က တိုက်ပွဲဖော်နေတော့ သံတွဲမြို့ သိမ်းပိုက်ရေးက သိပ်မကြာတော့ဘူးထင်တယ်။ ” ဟု ပြောသည်။

သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ဝေးသော သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ အသစ်တိုးချဲ့ထားသော စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ သံတွဲမြို့နယ်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတို့က တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲရှိ စစ်ကောင်စီ အမြှောက်တပ်ရင်းမှာ သံတွဲမြို့နှင့် ၅ မိုင်ကျော်အကွာ ရွှေလှော်ကျေးရွာအနီး ဒေါပွေ့ခုံရွာသို့ ဆုတ်ခွာလာကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ခလရ ၅၅ ၊ ခမရ ၅၆၆ တပ်ရင်းနှင့် မောင်ရွှေလေးရေတပ်စခန်းတို့ရှိပြီး တပ်ရင်းများ၏ လက်အောက် တပ်စခန်းအများအပြားရှိနေသည်။

လက်ရှိတွင် AA သည် တပ်စခန်းငယ်များကို တစ်ခုပြီးတစ်ခုသိမ်းပိုက်နေကာ အဆိုပါ တပ်ရင်းနှစ်ခုကို ဦးတည်တိုက်ခိုက်နေပြီး တပ်ရင်းနှစ်ခုလုံးကို သိမ်းပိုက်ရရှိပါက သံတွဲမြို့နှင့် ငပလီမြို့ကို အပြီးအပိုင် သိမ်းပိုက်နိုင်မည်ဖြစ်သည်။

စစ်ကောင်စီဘက်က အာရက္ခတပ်တော် AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံနေသော်လည်း အရှုံးများနှင့်ရင်ဆိုင်နေရကြောင်း စစ်ရေးအခြေအနေသိသူများက ပြောဆိုကြသည်။

သံတွဲတိုက်ပွဲတွင် မေလ ၂၀ ရက်နေ့အထိ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင် သံတွဲဒေသခံ ကမန်လူမျိုး ၁၁ ဦးနှင့် ရခိုင် ၁၄ ဦး စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၅ ဦးခန့်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ သံတွဲမြို့အပါအဝင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့အတွင်းက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် AA ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်ခိုလှုံကြရန် AA က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article