23 C
Yangon

စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA အပါအဝင် မဟာမိတ်အဖွဲ့အစည်း အားလုံးနှင့် အတူ တိုက်ခိုက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

Must read

စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA အပါအဝင် မဟာမိတ်အဖွဲ့အစည်း အားလုံးနှင့် အတူ တိုက်ခိုက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်ရေး TNLA အပါအဝင် မဟာမိတ်အဖွဲ့အစည်း အားလုံးနှင့် အတူ တိုက်ခိုက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၂ နှစ်မြောက် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တအာင်းပြည်သူများ အပါအဝင် တနိုင်ငံလုံးရှိ ပြည်သူများ၊ မဟာမိတ်အဖွဲ့အစည်းများအားလုံးနှင့် ညီညွတ်မှုကို တည်ဆောက်လျက် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားမည်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ထို့ပြင် ယခု အချိန်အခါသည် စစ်အာဏာရှင် သမိုင်းတလျှောက် အားအနည်းဆုံးကာလဖြစ်သည့် အတွက် တော်လှန်ရေးအဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်များနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အကောင်းဆုံးအခွင့်အလမ်း ဖြစ်သည်ဟုလည်း NUG က တိုက်တွန်းထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း TNLA ၏ ၆၂ နှစ်ပြည့် အမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားပြီး PSLF/TNLA က ကြိုးပမ်း ဆောင်ရွက်နေသည့် “ပြည်သူ့အစိုးရ” အမြန်ဆုံး ပေါ်ပေါက်လာရေးကို ဆန္ဒပြုထားသည်။

အာဏာရှင် အဆက်ဆက်၏ သွေးခွဲဖိနှိပ်အုပ်ချုပ်မှုများကြောင့် နှစ်များစွာ ဝေးကွာခဲ့ရသော လူမျိုးစုပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်ထောင်စုသစ်တွင် ပေါ်ထွန်းလာမည့် ပြည်နယ်အဖွဲ့ဝင် အချင်းချင်းကြား သဟဇာတဖြစ်မှု တို့ကို တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲဖော်ဆောင်သွားမည်ဟု BPLA က ပြောဆိုထားသည်။

တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) ၏ ဦးဆောင်မှုဖြင့် ရေးဆွဲထားသော “တော်လှန်ရေးကာလ အစိုးရအစီအမံ” အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ အတည်ပြုကာ ဖော်ဆောင်မည့် “ပြည်သူ့အစိုးရ” ကို ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှလည်း ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ထားသည်။

တအာင်းအမျိုးသားတို့၏ ကျေးဇူးပေါင်းမြောက်များစွာရှိနေပြီး အစဉ်အောက်မေ့ ဂုဏ်ယူနေမည်ဖြစ်ပြီး တအာင်းအမျိုးသားများနှင့် လက်တွဲ၍ တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဟန်ချက်ညီညီ စစ်ဆင်ရေးများဖော်ဆောင်သွားရန် အသင့်ရှိကြောင်း MDY PDF က ပြောဆိုသည်။

TNLA နှင့် မဟာမိတ်အဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုများသည် ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေကြသည့် တော်လှန်ရေးအစုအဖွဲ့များအတွက် ခွန်အားဖြစ်စေခဲ့ပြီး စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် အရေးကြီးသည့်ခြေလှမ်းတခုဖြစ်စေခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က သဝဏ်လွှာပေးပို့ ပြောဆိုထားသည်။

လူထုတရပ်လုံးအတွက် လုံခြုံအေးချမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးနှင့် လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် TNLA ၏ အောင်မြင်မှုများအတွက် ဝမ်းမြောက်ဂုဏ်ယူပြီး TNLA နှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု SAF က ပြောဆိုထားသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA ကလည်း ဇန်နဝါရီလ ၁၂ ရက်နေ့က ကျရောက်သော တအာင်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ်ကို အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားပြီး PSLF/TNLA ၏ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဆိုသည့် ကြေညာချက်အပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းရေးနှင့် အဖိနှိပ်ခံ လူထုလူတန်းစား တရပ်လုံး လွတ်မြောက်ရေးအတွက် TNLA နှင့်အတူ ဆက်လက်လက်တွဲ၍ တိုက်ပွဲဝင်သွားမည်ဟု သန္နိဋ္ဌာန်ပြုသည်ဟု PLA က ပြောဆိုထားသည်။

TNLA ၏ နိုင်ငံရေးအန္တိမပန်းတိုင်များတွင် တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article