30 C
Yangon

ရန်ကုန်တွင် မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်း စီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ မင်းအောင်လှိုင်က ကော်မတီဖွဲ့ပြန်၊ တရုတ်ကုမ္ပဏီများထံသို့ ရန်ကုန်မိုးပျံလမ်းစီမံကိန်းတွင် ပါဝင်ရန် ဖိတ်ခေါ်နေသော်လည်း အဆိုပြုသူမရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တွင် မိုးပျံအမြန်လမ်းနှင့် မြို့တော်အပြင်ပတ်လမ်း စီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ မင်းအောင်လှိုင်က ကော်မတီဖွဲ့ထားကြောင်း စစ်တပ်ဘက်မှ ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်၏ အမိန့်ဖြင့် ယခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်ပတ်လမ်း စီမံကိန်းဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီက စက်မှုဇုန်များအကြား ချိတ်ဆက်မှုကောင်းစေရန်၊ ပင်လယ်ကူးဆိပ်ကမ်းများ၊ အခြေပြု မြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေချောမွေ့လာစေရန် ၊ နိုင်ငံ၏ စီးပွားရေစင်္ကြန်လမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အဆိုပါ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၆ ဦးပါဝင်ပြီး ဆောက်လုပ်ရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ရန်ကုန်ဝန်ကြီးချုပ်က အဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဒုဝန်ကြီးက အဖွဲ့ဝင် ၊ ဘဏ္ဍာရေးဒုဝန်ကြီး၊ လျှပ်စစ်ဒုဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကာ ဆောက်လုပ်ရေးဒုဝန်ကြီးက အတွင်းရေးမှူးအဖြစ် ပါဝင်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်သော ကော်မတီက ရန်ကုန်မိုးပျံအမြန်လမ်းနှင့် မြို့တော် အပြင်ပတ်လမ်း ရင်းနှီးမြှုပ်နှံမှုများအား ဘတ်ဂျက်အသုံးအပြု အနည်းဆုံးကို အခြေပြု၍ PPP စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မိုးပျံလမ်းနှင့် အပြင်ပတ်လမ်း စီမံကိန်းကို ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီများထံသို့ ဖိတ်ခေါ်ထားသော်လည်း လက်ရှိအချိန်အထိ အဆိုပြုသည့် ကုမ္ပဏီ မရှိသေးကြောင်း UMFCCI မှ သတင်းရင်းမြစ်က ပြောဆိုသည်။

” ဗိုလ်ချုပ်မှူးကြီးရဲ့ တရုတ်ခရီးစဉ်မှာ ရန်ကုန်မြို့ မိုးပျံလမ်းစီမံကိန်းကို ရင်းနှီးမြှုပ်ချင်ရင် မြှပ်နှံကြပါဆိုပြီး တရုတ်ဘက်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒီဘက်က အဆိုပြု စီမံကိန်းတွေမှာ ရန်ကုန်မြို့ မိုးပျံလမ်းစီမံကိန်းပါဝင်တယ်။ အခုထက်ထိတော့ စိတ်ဝင် စားတဲ့ ကုမ္ပဏီ ရှိတယ်လို့တော့ မကြားရသေးပါဘူး။ တကယ်ဖြစ်မလာတဲ့ လျှပ်စစ်ရထား၊ မြေအောက်ရထားစီမံကိန်းလို ဖြစ်သွားမလားမသိဘူး” ဟု UMFCCI မှ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလ အစည်းအဝေးများနှင့်ဖွင့်ပွဲများတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည်တော်တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲမည်ပြောဆိုခဲ့သော်လည်း ၅ နှစ်နီးပါးကြာမြင့်သည်အထိ တစ်စုံတစ်ရာ ဖြစ်လာခြင်းမရှိပေ။

ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများအကြား လှောင်ရယ်စရာအဖြစ် ရေပန်းစားခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article