စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအကြား ညှိနှိုင်းဆောင်ရွက်မှု တောက်လျှောက်ရှိနေဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူများသို့ အသိပေး
■ တော်လှန်ပြည်သူများနှင့်အတူ တော်လှန်ရေးအဖွဲ့များက ရှေ့ဆက်ချီတက်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသား တော်လှန်ရေးတပ်များအကြား နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာပိုင်း ညှိနှိုင်းဆောင်ရွက်မှုများ တောက်လျှောက် ရှိနေကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် ထုတ်ဖော်ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ပြည်သူ့တော် လှန် ရေး ရှေ့ခရီး” ဆိုသော အမည်ဖြင့် လက်ရှိ တော်လှန်ရေးအခြေအနေများနှင့်ပတ်သက်ပြီး လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူလူထုထံသို့ တရားဝင် သတင်းထုတ်ပြန် အသိပေးပြောဆိုလာခြင်းဖြစ်သည်။
လတ်တလော တိုင်းရင်းသားများနှင့် NUG အကြား ဘုံရည်မှန်းချက်အဖြစ် စစ်အာဏာရှင် စနစ် အမြစ်ဖြတ်ရေး သဘောတူညီမှုရှိကြောင်း ဦးရည်မွန်က ဆိုသည်။
“စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ဆိုရင် တစ်ဦးကောင်း တစ်ဖွဲ့ကောင်း ဆောင် ရွက်လို့ မရနိုင်ဘဲ၊ အတူတကွ လက်တွဲပူးပေါင်းပြီး ဟန်ချက်ညီညီ အလုပ်လုပ်မှ ရနိုင်မယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။ NUG နဲ့EROs တွေကြား နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘောထား ရှိပြီလားလို့ မေးရင် အရေးကြီးပြီး အခြေခံကျတဲ့ နားလည်မှု၊ ယုံကြည်မှုနဲ့ ဘုံသဘာထားများ ရှိပြီး ဖြစ်တယ်လို့ ဖြေချင်ပါတယ်။ နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု တောက်လျှောက် ရှိခဲ့တယ်၊ ရှိနေတယ်လို့ အသိပေးလိုပါတယ်။ လတ် တလော ဘုံရည် မှန်းချက်က စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ပဲ” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုထားသည်။
ပြည်သူ့ တော်လှန်ရေး ၃ နှစ်ဝန်းကျင်ကာလအတွင်း တိုင်းရင်းသားလက် နက်ကိုင် EROs ခေါင်းဆောင်များ အားလုံးနီးပါးနှင့် လူကိုယ်တိုင်ရော၊ အွန်လိုင်းကပါအဆက်မပြတ် တွေ့ဆုံဖြစ်ကြောင်း၊ တိုင်းရင်းသားခေါင်းဆောင်များအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ရှိကြကြောင်း၊ မည်သူကမှ ခွဲထွက်ရေးနှင့် ပြည်ပဩဇာခံရေး မစဉ်းစားကြဘဲ ကိုယ်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်၊ ဂုဏ်သိက္ခာရှိရှိ အားလုံးအကျိုးတူ လက်တွဲ ပူးပေါင်း ပြည်ထောင်စု သစ် ထူထောင်ရန် စိတ်ဆန္ဒရှိကြကြောင်း ပြောဆိုသည်။
သို့ရာတွင် ပြည်ထောင်စုသစ်ထူထောင်ရေးအတွက် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်နိုင်မှ ရရှိမည်ကို အားလုံးသဘောတူကြကြောင်း၊ တိုင်းရင်းသားများက စစ်အုပ်စုနှင့်ပတ်သက်၍ ပို၍ပင် အတွေ့အကြုံရှိကြသဖြင့် လေ့လာသင်ယူခွင့်ရရှိကြောင်း ဦးရည်မွန်က ဆက်လက် ပြောဆိုထားသည်။
“ဒီလို ပြည်ထောင်စုသစ် ထူထောင်ဖို့ဆိုရင် စစ်အာဏာရှင် အမြစ်ဖြတ်နိုင်မှ ရမယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် အံတိုနေတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေချည်းပဲလို့ ဆိုနိုင်တယ်။ သူတို့အတွေ့အကြုံကို လေ့လာသင်ယူခွင့်ရရှိတာလည်း ကျွန်တော်တို့အတွက် အကျိုးထူးတယ် ပြောရမယ်” ဟု ဦးရည်မွန်က ဆိုသည်။
တော်လှန်ရေးပြီးမြောက်အောင်မြင်ပြီးနောက် ဖက်ဒရယ်ယူနစ်ကိစ္စ အပါအဝင် နယ်မြေ၊ နယ်နမိတ်သတ်မှတ်ရေးကိစ္စများကို အချင်းချင်းအကြားစားပွဲ၀ိုင်းထိုင် အကျေအလည် ညှိနှိုင်းကြရမည်ဖြစ်ကြောင်း၊ တော်လှန်ပြည်သူများနှင့်အတူ တော်လှန်ရေးအဖွဲ့များက ရှေ့ဆက် ချီတက်နေကြောင်း ဦးရည်မွန်က ရေးသားထားသည်။
“တော်လှန်ရေး အောင်တဲ့အခါ ဖက်ဒရယ်ယူနစ်ကိစ္စ၊ ဖက်ဒရယ်ယူနစ် တစ်ခုချင်းရဲ့ နယ်မြေ၊ နယ်နိမိတ် သတ်မှတ်ရေးကိစ္စ စသဖြင့် ကိုယ့်အချင်းချင်းကြား ပြောစရာတွေ အများကြီး ရှိပါလိမ့်မယ်ဒီကိစ္စတွေ ကိုင်တွယ်တဲ့အခါ အင်အားအသုံးမပြုကြဘဲ စားပွဲဝိုင်းမှာပဲ ကျေလည်အောင် ပြောကြမယ်ဆိုတာလည်း အားလုံး သံန္နိဌာန် ချပြီး ဖြစ်တယ်။ တော်လှန်တဲ့ ပြည်သူနဲ့အတူ တော်လှန်ရေးအဖွဲ့တွေ ရှေ့ဆက်ချီတက်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော် အသိပေးထားသည်