28 C
Yangon

တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်း နှင့် တောင်ကုတ်မြို့တစ်ဝက်ခန့်ကို AA က တိုက်ခိုက်သိမ်းပိုက်ဟုဆို

Must read

ရန်ကုန်| နိုဝင်ဘာ ၂၂

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီး တိုက်ပွဲများမှာ တောင်ကုတ်မြို့တွင်းတွင်ပါ ဖြစ်ပွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ရခိုင်ပြည် တောင်ကုတ်မြို့ထဲတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တောင်ကုတ်တက္ကသိုလ်ကို AA ထိန်းချုပ်ပြီးနောက် တိုက်ပွဲ ပိုမိုပြင်းထန်လာကြောင်း ၊ ဇွန်လလယ်ကစပြီး တောင်ကုတ်မြို့နယ် နေပူတောင်တိုက်ပွဲ၊ တောင်ကုတ်-သံတွဲကား လမ်းပိုင်းအချို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တောင်ကုတ်မြို့ကို AA က ဝိုင်းရံပိတ်ဆို့ထားခြင်းကြောင့် စစ်ကောင်စီတပ်သည် တောင်ကုတ်တက္ကသိုလ်ထဲ နေရာယူတပ်စွဲခဲ့ကြောင်း၊ သို့သော်လည်း အောက်တိုဘာလ နောက်ဆုံးအပတ် AA ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ပထမအပတ်အတွင်းမှာ တောင်ကုတ်တက္ကသိုလ်ထဲက စစ်ကောင်စီတပ်ရင်းမှာ ဆုတ်ခွာပေးလိုက်ရပြီး လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်က AA ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။

“တောင်ကုတ်တက္ကသိုလ်ကို သိမ်းလိုက်တာက ရက်ပိုင်းလောက်ရှိနေပါပြီ။ တိုက်ပွဲက အခု ကိုင်းရှည်ရပ်ကွက်ကျော်ပြီး မြို့လယ်ကို ရောက်သွားပြီ။ တောင်ကုတ်တက္ကသိုလ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီတပ်စွဲခဲ့တာ။ လက်နက်ကြီးတွေ တပ်ဆင်ထားတဲ့အထိ အထိုင်ချခဲ့တာဖြစ်ပါတယ်။ အခုတော့ AA က ထိန်းချုပ်လိုက်ပြီပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ တောင်ကုတ်တပ်မ စကခ ၅ ကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခြားသော ထောက်ပို့တပ်၊ ခမရ ၅၄၄ တပ်ရင်းနှင့် ခမရ ၃၄၆ တပ်ရင်းတို့ကိုလည်း ကြားညှပ် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တောင် တောင်ကုတ်မြို့ထဲ ၅ နေရာလောက်မှာ တိုက်ပွဲဖြစ်ကြတယ်။ အခု AA က တောင်ကုတ်တပ်မ စကခ ၅ ကို ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နေပါတယ်။ တပ်မအနီး၊ သံတွဲလမ်းခွဆုံ၊ KBZ ဘဏ်အနီး အမ်းလမ်းမ၊ သိမ်တောင်ရပ်ကွက် အောင်ချမ်းသာလမ်း၊ ရဲစခန်းအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြို့တစ်ဝက်လောက်ကို AA က သိမ်းပိုက်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်။ စစ်ကောင်စီ လေယာဉ်ကတော့ တောက်လျှောက် ဗုံးကျဲနေတာပဲ” ဟု ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ကုတ်မြို့ထဲ ပိတ်မိနေသော အရပ်သားပြည်သူ ၆ သောင်းကျော်မှာ နိုဝင်ဘာလ ၅ ရက်နေ့အထိ မြို့ထဲက ထွက်မရောက်ကြဘဲရှိနေကြ၍ ယခုရက်ပိုင်းအတွင်း AA က ထိုးစစ်ရပ်နားကာ ပိတ်မိနေသူများအား မြို့ပြင်ထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း နိုဝင်ဘာလ ၁၉ နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ အနည်းစုသာ မြို့ပြင်ထွက်ခွာခွင့်ရရှိခဲ့ပြီး အရေအတွက် အတိအကျမသိရသော်လည်း ၄ သောင်းထက်မနည်း မြို့ထဲတွင် ကျန်ရှိနေဦးမည်ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲက ပြန်စလာတော့ ထွက်ခွာမရဘဲ ဆက်လက် ပိတ်မိနေကြပါတယ်။ လုံခြုံမှုမရှိတာကတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်ပါပဲ၊ ကံကောင်းရင် အသက်ရှင်ပါမယ်။ မနေ့ကတောင် KBZ ဘဏ် အနီး တိုက်ပွဲကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက သေဆုံးသွားတယ်။ ပြီးတော့ အစားအသောက်က အရေးကြီးတယ်။ ငတ်တဲ့သူကငတ် အစာအခြောက် သိမ်းထားတဲ့သူကတော့ စားရမယ်ပေါ့။ အကုန်လုံးက တစ်စုတည်း ပုန်းခိုနေကြတာမဟုတ်ဘူး။ အကုန်လုံးက ဘေးကင်းမယ်ထင်တဲ့ နေရာတွေမှာ ပြန့်ကြဲပြီး ပုန်းခိုနေရပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့ထဲက လူနေအိမ်အချို့မှာ စစ်ကောင်စီဗုံးကြဲမှုကြောင့် မီးလောင်ပျက်စီးဆုံးရှုံးမှုရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှို့မီးကြောင့်လည်း လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားပြီဟု သိရသည်။

တောင်ကုတ်-သံတွဲကားလမ်းဘေးရှိ ကမ်းဒေးကျေးရွာကိုလည်း စစ်ကောင်စီက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ဒုံကျေးရွာအနီးက သင်္ချီကိုင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားသည့်အပြင် လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုကြောင့်လည်း အရပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – AA က အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်တစ်ခုကို သိမ်းပိုက်ထားစဉ်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

AA က အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်တစ်ခုကို သိမ်းပိုက်ထားစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article