ရန်ကုန်၊ ဇူလိုင် ၁
အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်မပြုနိုင်ကြောင်း မြန်မာစစ်တပ်က ငြင်းပယ်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုနိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) မှာ အာဆီယံဥက္ကဋ္ဌ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားသူဖြစ်ပြီး အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus – 5PC) ကို အကောင် အထည်ဖော်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များနှင့် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ထိတွေ့ဆောင် ရွက်သွားမည်ဖြစ်ကြောင်း DFA ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဒက်စ် အင်ပီရီယယ် (Dax Imperial) က ပြောကြားသည်။
“မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းလာချိန် နိုင်ငံရေးအကျဉ်း သားအား လုံး၊ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးကို ပြန်လွှတ်ပေးဖို့ အရေးကြီးကြောင်း ထပ်လောင်းတိုက်တွန်းလိုပါတယ်” ဟု ဒက်စ် အင်ပီရီယယ်က ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းက အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်တွင် ဖော်ပြထားသည့် အဓိပ္ပာယ်ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံခြေလှမ်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် ဖိလစ်ပိုင် တွေ့ဆုံခွင့်တောင်းဆိုမှုကို မြန်မာအာဏာပိုင်များက ပယ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်သည့်အတွက် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်မပြုနိုင်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက ထုတ်ဖော်ပြောဆိုသည်။
အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေးကို အထောက်အကူပြုရန် ရည် ရွယ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံက သတင်းထုတ်ပြန်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အစိုးရက ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌတာဝန် မစတင်မီ နိုင်ငံခြားရေးဝန်ကြီး လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ လာဇာရိုသည် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေး နွေးမှုတိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့် စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေမည့် လက်တွေ့ကျသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ရန် အမြဲတစေ တိုက်တွန်းခဲ့ကြောင်း သိရသည်။
အာဆီယံက ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေး ကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံအရေးကို ဖြေရှင်းရန် အချက်ငါးချက်ပါ ဘုံသဘော တူညီချက်ကို ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ် တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရေး၊ လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပေးပို့ရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးနှင့် အထူးကိုယ်စား လှယ် အား သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပြုရေးတို့ ပါဝင်သည်။
သို့သော် မြန်မာစစ်တပ်က အဆိုပါ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင် တိုးတက်မှု အနည်းငယ်သာရှိကြောင်း၊ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် နိုင်ငံ ရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အာဆီယံနှင့် နိုင်ငံတကာအသိုက် အဝန်း ၏ ဝေဖန်မှုများကို ဆက်တိုက်ရင်ဆိုင်နေရသည်။
(PH renews call to free Suu Kyi after Myanmar rejects Asean envoy ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။)




