28 C
Yangon

တမူးတွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့မှု စုံစမ်းဖော်ထုတ်၍ ကျူးလွန်သူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု NUG က ကြေညာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း တမူးမြို့တွင် PDF များကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့သူဟူ၍ ယူဆ ရသည့် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့မှု ရုပ်သံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုကဲ့သို့သော လုပ်ရပ်သည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသည့် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖယ်ကြောင်း၊ ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားများ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်းကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အညီ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများကို ညွန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါသတ်ဖြတ်မှု ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများအရ လုံးဝ လက်သင့် မခံနိုင် သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်များကို စုံစမ်း စစ်ဆေး ဖော်ထုတ်ကာ ကျူးလွန်ခဲ့သူ မည်သူကို မဆို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များ အနေ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ ခုခံ တွန်းလှန်စစ် ဆင်နွှဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ စစ်ရေးညွှန်ကြားချက်များနှင် အညီ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ၎င်းတို့ကဲ့သို့ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်ဟူ၍ ပုံဖော်ရန် ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်စေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ်ရန်နှင့် အကြမ်းဖက်စစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူမဆန် သည့် ရက်စက်ကြမ်းကုတ်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်ရေး တော်လှန်တိုက်ပွဲဝင် နေကြရ သော်လည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရား လက်လွတ်ပြုကျင့်သူများ မဖြစ်စေရေး ဂရုပြုကြရန် လိုအပ်ကြောင်း NUG က ဆိုသည်။

NUG အစိုးရအနေနှင့် လွတ်လပ်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မျှော်မှန်း ကြောင်း၊ ယခုဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံ ဖြစ်ပွား ခြင်း မရှိ စေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲ ကြပ်မတ်ဆောင်ရွက်မည်ဟု NUG က ထုတ်ပြန် ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article