32 C
Yangon

NUG ၊ KNU ၊ KNPP နှင့် CNF တို့ ကြေညာထားသော နိုင်ငံရေးလမ်းပြ မြေပုံ ဘုံသဘောထား ရပ် တည်ချက်တွင် KIO ပါဝင်လာ၊ မြောက်ပိုင်းမဟာမိတ် အပါအဝင် တိုင်းရင်းသားအားလုံး ပါဝင်လာရေး ကြိုးပမ်းနေဟု NUG ယာယီသမ္မတ ပြောဆို

Must read

NUG ၊ KNU ၊ KNPP နှင့် CNF တို့ ကြေညာထားသော နိုင်ငံရေးလမ်းပြ မြေပုံ ဘုံသဘောထား ရပ် တည်ချက်တွင် KIO ပါဝင်လာ၊ မြောက်ပိုင်းမဟာမိတ် အပါအဝင် တိုင်းရင်းသားအားလုံး ပါဝင်လာရေး ကြိုးပမ်းနေဟု NUG ယာယီသမ္မတ ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

NUG ၊ KNU ၊ KNPP နှင့် CNF တို့ စုပေါင်း ကြေညာထားသော နိုင်ငံရေး လမ်းပြမြေပုံ ဘုံသဘောထား ရပ်တည်ချက်ကို KIO ကပါ သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် NUG ၊ KNU ၊ KNPP နှင့် CNF တို့ က နိုင်ငံရေးလမ်းပြမြေပုံ “ဘုံသဘောထားရပ်တည်ချက်” ကို ကြေညာခဲ့ပြီး ယင်းဘုံသဘောထား ရပ်တည်ချက်တွင် အဓိက ရည်မှန်းချက် နှစ်ရပ်ကြောင်း၊ အဆိုပါ နှစ်ချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း၊ အဆိုပါ ဘုံသဘောထား ရပ်တည်ချက်သည် NUCC က အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်လည်း ကိုက်ညီကြောင်း ၎င်းက ဆိုသည်။

“ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် [K3C] လို့ခေါ်တဲ့ KIO ၊ KNU ၊ KNPP ၊ CNF တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက် လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန် ရေး ၃ နှစ်ပြည့်အချိန်မှာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဧရိယာထဲက ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို ကျွန်တော်တို့ စုစည်းတည်ဆောက်နိုင်ခဲ့သလို မြန်မာနိုင်ငံ တောင်ပိုင်းဧရိယာထဲက ကရင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို ကျွန်တော်တို့ စုစည်းတည်ဆောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုအပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို စုစည်းပေါင်းစပ်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။

လက်ရှိတွင် ဘုံသဘောတူညီချက်များသည် ဖြည့်စွက်စုရုံးကြပြီး ကျယ်ပြန့်သော ပေါင်းစည်းရေးနှင့် နိုင်ငံရေး ဘုံသဘောတူညီချက် ဖြစ်ပေါ်လာရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကျန်ရှိနေသော တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများ ဘုံသဘောထားရပ်တည်ချက်တွင် ပါဝင်လာရေး အစဉ်တစိုက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဆက်လက်ပြီးတော့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေဟာ ဒီဘုံသဘောထားရပ်တည်ချက်မှာ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ နယ်မြေအလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် ကွဲပြားတဲ့ အမျိုးသားရေး ရည်မှန်းချက်တွေကို ဖက်ဒရယ်အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ဝိုင်းဝန်း ပေါင်းစည်းနိုင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူး မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးခန္တီတရားနဲ့ နိုင်ငံရေးသဘောထားကြီးမှုဟာ အနာဂတ်တိုင်းပြည်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးအတွက် ကောင်းသော အထောက်အပံ့ကောင်း ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအမြင် ကျယ်ပြန့်မှုကို လက်တွေ့ပြသရင်း နွေဦးတော်လှန်ရေးခရီးကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု သမ္မတက တိုက်တွန်းပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article