25 C
Yangon

ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တု ကုန်ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ RCSS ဥက္ကဋ္ဌ ဖြစ်သည်ဟု အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြ

Must read

RCSS ဥက္ကဋ္ဌက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးကပ်သော ဆက်ဆံရေးရှိပြီး PDF များကို နောင်တစ်ချိန် ဓားပြဖြစ်နိုင်သည်ဟု ဝေဖန်ခဲ့သူဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံထံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တုကုန် ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အကြမ်းဖက်စစ်တပ်နှင့် NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာခဏဆိုသလိုတွေ့ဆုံလေ့ရှိသည်။

အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး RCSS ဘက်က တစ်စုံတစ်ရာ ထုတ်ပြန် ခြင်းမရှိသေးပေ။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် PDF များသည် နောင်တစ်ချိန်တွင် လက်နက်ကိုင် ဓားပြများ ဖြစ်လာနိုင်သည်ဟု ၂၀၂၁ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ PDF ကိုအားမပေးဘူး။ ဘာလို့အားမပေးတာလဲဆိုတော့ PDFတွေက အခုတော့ပြဿနာမဟုတ်သေးဘူ။ နောင်တစ်ချိန်မှာ PDFတွေဟာပြဿနာဖြစ်လာလိမ့်မယ်။NUGက သူတို့ကို ထိန်းလို့ရမယ်ထင်လား၊ NUG ထိန်းနိုင်မှာမဟုတ်ဘူး။ လက်နက်တွေရသွားပြီး ဘာမှမလုပ်ဖြစ်ရင် နောက်ဆုံးမှာ ဓားပြတွေဖြစ်ကုန်လိမ့်မယ်။ မထိန်းနိုင်ခဲ့ရင်ပေါ့။ လက်နက်ဆိုတာအန္တရာယ်ရှိတယ်”ဟု ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ ရှမ်းသတင်းဌာနနှင့် အင်တာဗျူးထုတ်လွှင့်ချက်တွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းဘာသာစကားဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

RCSS ဥက္ကဋ္ဌ အဓိက ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံမှ နူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ အီရန်နိုင်ငံသို့ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုး တရားစွဲလိုက်ကြောင်း CNN အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနများက ယမန်နေ့ သတင်းဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု နှင့် လက်နက်မှောင်ခို အမှုများဖြင့် ဖမ်းဆီးခဲ့သော ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa သည် အီရန်ဗိုလ်ချုပ်ကြီးဟု ယူဆရသူတစ်ဦးထံသို့ မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် အဆင့် ထုတ်လုပ်နိုင်သော ကုန်ကြမ်းဓာတ်သတ္တု ပစ္စည်းများရောင်းချရန် ကြိုးပမ်းမှုဖြင့် အမေရိကန်က စွဲချက်အသစ် တင်လိုက်ကြောင်း၊ မူလ မူးယစ် ဆေးဝါးနှင့် လက်နက်အမှုများ အပြင် နောက်ထပ် စွဲချက် အသစ်များ ဖြင့် ထပ်မံ တရားစွဲတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်တွင် Ebisawa က သူ့ထံတွင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ရှိကြောင်း၊ ထို့ကြောင့် ယူရေနီယံ ဝယ်လိုသူရှိ ၊ မရှိ လျှို့ဝှက် အေးဂျင့် တစ်ခုကို မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အေးဂျင့်သည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖြစ်ပြီး အယောင်ဆောင်ထားသော အေးဂျင့်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားဓာတ်သတ္တုကုန်ကြမ်းဟု ယူဆရသည့် သတ္တုတချို့နှင့် ရေဒီယိုဓာတ်သတ္တုကြွမှု တိုင်းထားသည့်စက်တွင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နှင့် ယူရေနီယမ် ပါဝင်မှု” ကို တိုင်းတာပြသနေသည့် ဓာတ်ပုံကို လျှို့ဝှက် အေးဂျင့်ထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်လျှို့ဝှက်အေးဂျင့်က Ebisawa ကို နူကလီးယား ဓာတ်သတ္တုကုန်ကြမ်း အရောင်းအဝယ် အတွက်ကူညီပေးမည်ဟု သဘောတူပြီး အီရန်ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသည့် အခြားလျှို့ဝှက်သတင်းရင်းမြစ်နှင့်ထပ်မံ ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

အီရန်အနေဖြင့် နူကလီးယားလက်နက် ထုတ်လုပ်ရန် လိုအပ်နေသောကြောင့် ဓာတ်သတ္တုကုန်ကြမ်းများသည် နျူကလီယားလက်နက်အဆင့်အထိ အသုံးပြုနိုင်ခြင်းရှိ၊ မရှိ အယောင်ဆောင်ထားသော လျှို့ဝှက် အေးဂျင့်က Ebisawa ကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားလက်နက် ထုတ်လုပ်နိုင်မည်ဟု ထင်မြင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ယူရေနီယံအပါအဝင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို Ebisawa မှတစ်ဆင့် အီရန်သို့ ရောင်းချလိုပြီး ရရှိသော ငွေကြေးဖြင့် လက်နက်ခဲယမ်းများ အများအပြား ဝယ်ယူလိုသည်ဟု ၂၀၂၁ ခုနှစ်တွင် လျှို့ဝှက်အေးဂျင့်သို့ Ebisawa က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မှတ်တမ်းတင်ထားသော ဗီဒီယိုခေါ်ဆိုမှု ဆွေးနွေးပွဲတွင် မြန်မာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ ကိုယ်စားလှယ် ပွဲစားများက နျူကလီယားကုန်ကြမ်း ကီလိုဂရမ် ထောင်ပေါင်းများစွာ၎င်း တို့တွင် ရှိကြောင်း၊ ၎င်းတို့နယ်မြေတွင် “နျူကလီးယား ဓာတ်သတ္တု ကုန်ကြမ်း ၅ တန်အထိ ထုတ်လုပ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန် လျှို့ဝှက်အေးဂျင့်သည် မြန်မာပြည်မှ လက်နက်ကိုင်ခေါင်း ဆောင်၊ ပွဲစားများနှင့်အတူ ဆွေးနွေးရင်း အီရန်မှ လက်နက်များနှင့် ယူရေနီယံ များ လဲလှယ်ကြရန်သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းအာဏာပိုင်များက အမေရိကန်လျှို့ဝှက် အေးဂျင့်ထံသို့ Ebisawa က ဓာတ်ပုံ ပေးပို့ ပြသခဲ့သည့် နျူကလီးယားကုန်ကြမ်းနမူနာများကို ဖမ်းဆီးရရှိခဲ့ပြီး အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နူကလီးကုန်ကြမ်းနမူနာများကို စစ်ဆေးရာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်အထိ အဆင့်ရှိသည့် ယူရေနီယမ်၊ သိုရီယမ် နှင့် ပလူတိုနီ ယမ် ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

“အလုံအလောက် ပမာဏနဲ့ ထုတ်လုပ်ရင် ကုန်ကြမ်းမှာ တွေ့ရတဲ့ ပလူတိုနီ ယမ် တွေဟာ နူကလီးယားလက်နက်မှာ အသုံးပြုလို့ရတယ်” ဟု တရားစွဲဆိုချက်တွင် ရေးသားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article