26 C
Yangon

အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲသို့ တက်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်များကို ပြည်ဝင်ခွင့်မပြုရန် နယူးဇီလန်ရောက်မြန်မာများက အစိုးရထံတောင်းဆို

Must read

အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲသို့ တက်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်များကို ပြည်ဝင်ခွင့်မပြုရန် နယူးဇီလန်ရောက်မြန်မာများက အစိုးရထံတောင်းဆို

ရန်ကုန်၊ ဧပြီ ၄

အာဆီယံ-နယူးဇီလန် ဆွေးနွေးပွဲသို့ တက်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်များကို ပြည်ဝင်ခွင့်မပြုရန် နယူးဇီလန်ရောက်မြန်မာများက နယူးဇီလန် အစိုးရထံသို့ တောင်းဆိုလိုက်ကြသည်။

ဧပြီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံ-နယူးဇီလန် အစည်းအဝေးသို့ တက်ရောက်မည့် မြန်မာ စစ်အုပ်စု၏ အရာရှိများကို ပြည်ဝင်ခွင့်မပြုရန် မြန်မာနွယ်ဖွား နယူးဇီလန် နိုင်ငံသားများမှ အစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့တောင်းလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူများကို သတ်ဖြတ်လျက်ရှိပြီး နိုင်ငံရေးအကျဥ်းသားများကိုလည်း ညှဥ်း ပန်းနှိပ်စက်နေသည့်အပြင် နယူးဇီလန် အစိုးရက လည်း အသိအမှတ် ပြုထားခြင်းမရှိသော တရားမဝင် စစ်အုပ်စုကို ဖိတ်ကြားရန် စီစဥ်လျက်ရှိခြင်းကို မြန်မာအသိုင်းအဝိုင်းအနေဖြင့် ယမ်းပုံမီးကျ ဒေါသပုန်ထလျက်ရှိကြောင်း၊ “Keep out the Butchers of Myanmar! campaign” ၊ “မြန်မာလူသတ်ကောင်များအား မောင်းထုတ်ကြ” ကမ်ပိန်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါဖြိုးစန္ဒာစိုးက ပြောသည်။

“အာဏာသိမ်းထားတဲ့ သုံးနှစ်တာ ကာလအတွင်းမှာ နယူးဇီလန်ရော၊ သြစတြေးလျပါ သူတို့ လက်ခံကျင်းပတဲ့ အစည်းအဝေးတွေကို တရားမဝင် စစ်ကောင်စီရဲ့ အရာရှိတွေကို တက်ရောက်ခွင့် မပြုခဲ့ဖူးပါဘူး။ အခုလိုမျိုး လက်ခံလိုက်မယ်ဆိုရင် ရွံ့ရှာစရာကောင်းတဲ့ အစဥ်အလာတစ်ရပ် ဖြစ်သွားပါလိမ့်မယ်”ဟု မြန်မာလူသတ်ကောင်များအား မောင်းထုတ်ကြ” ကမ်ပိန်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါဖြိုးစန္ဒာစိုးက ရှင်းပြသည်။

မြန်မာစစ်အုပ်စုအရာရှိများကို ပြည်ဝင်ခွင့်ထုတ်ပေးခြင်း မပြုရန် နိုင်ငံခြားရေးဝန်ကြီး Winston Peters ထံ နယူးဇီလန်ရောက် မြန်မာများက အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားကြောင်း၊ မြန်မာစစ်အုပ်စု အရာရှိများကို အစည်းအဝေးတက်ရောက်ခွင့်ပြုမည်ဆိုပါက မြန်မာနိုင်ငံတွင် ဒီမိုကရေးစီ ပြန်လည်ရရှိရေးအတွက် နယူးဇီလန် နိုင်ငံ၏ တောင်းဆိုချက်နှင့်လည်း ကိုက်ညီမှု မရှိကြောင်း၊ နယူးဇီလန် ပြည်သူများက လက်ခံနိုင်ခြင်း မရှိကြောင်း ၊ နယူးဇီလန် အစိုးရအနေဖြင့် အာဆီယံအဖွဲ့ကို ရှင်းပြသင့်ကြောင်း “မြန်မာလူသတ်ကောင်များအား မောင်းထုတ်ကြ” ကမ်ပိန်းမှ Thomas Pa Hlun က ဆက်လက် ပြောဆိုသည်။

သြစတြေးလျနိုင်ငံတွင် ကျင်းပခဲ့သည့် အစည်းအဝေးများသို့ တက်ရောက်မည့် စစ်အုပ်စု အရာရှိများကို ထိရောက်သည့် ပြည်ဝင်ခွင့်ပိတ်ပင်မှုကို သြစတြေးလျနိုင်ငံက လုပ်ဆောင်ခဲ့သကဲ့သို့ နယူးဇီလန် အစိုးရကိုလည်း ထိုသို့ လုပ်ဆောင်ရန် မြန်မာလူသတ်ကောင်များအား မောင်းထုတ်ကြ” ကမ်ပိန်းက တောင်းဆိုသည်။

နယူးဇီလန် အစိုးရအနေဖြင့် လွန်ခဲ့သည့် ၃ နှစ်တွင် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးအတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ထိုသဘောထားကို မပြောင်းသင့်ကြောင်း ကမ်းပိန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးစတန်လေစောက ပြောသည်။

“အစိုးရက သူ့ရဲ့ ရပ်တည်ချက်ကို ဘာကြောင့် ပြောင်းလဲလိုက်သလို ဖြစ်သွားလဲဆိုတာ ကျွန်တော်တို့လည်း နားမလည်နိုင်ဘူး။ တစ်ဖက်မှာ စစ်အုပ်စုကို တော်လှန်နေတဲ့ ဒီမိုကရေစီ ခုခံတွန်းလှန်စစ်က အရှိန်အဟုန်နဲ့ သိသိသာသာ တိုးတက်အောင်မြင်နေတဲ့အချိန်မှာ စစ်အုပ်စုကို အစည်းအဝေးတက်ရောက်ခွင့် ပေးလိုက်မယ်ဆိုရင် သူတို့ အငမ်းမရ လိုချင်နေတဲ့ ဝါဒဖြန့်မှုအောင်ပွဲကို ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။”ဟု ဦးစတန်လေစောက ပြောဆိုသည်။

“လူသတ်ကောင်တွေဖြစ်တဲ့ စစ်အုပ်စုရဲ့ လက်ထဲမှာ ပြည်သူတွေဟာ အတိဒုက္ခရောက်နေကြရတယ်။ သူတို့က အရပ်သားပြည်သူ ၄၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ကျေးရွာတွေကို မီးရှို့ပြီး စစ်ရှောင်စခန်းတွေကို ဗုံးကြဲပါတယ်။ ကုလသမဂ္ဂမှာလည်း ကိုယ်စားပြုနိုင်ခြင်း မရှိပါဘူး။ သူတို့က မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်ပါဘူး။ အဲဒီလို အသိအမှတ်လည်း မပြုသင့်ပါဘူး။”ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ထိုကမ်ပိန်းတွင် နယူးဇီလန်နိုင်ငံ၌ အခြေချနေထိုင်ကြသည့် မြန်မာတိုင်း ရင်းသား အဖွဲ့အစည်းများစွာ ပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီး Winston Peters ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ကာ စစ်ကောင်စီကိုယ်စားလှယ်များအတွက် ပြည်ဝင်ခွင့်ငြင်းပယ်သွားရန် တောင်းဆိုထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article